ညောင်ဦး နိုဝင်ဘာ ၂၇
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့၊ အမှတ် ၄ နယ်မြေ၊ မဟာဝိသုတာရာမတိုက် ပဓာန နာရယကဆရာတော် (အဂ္ဂမဟာသဒ္ဓမ္မဇော တိကဓဇ) ဘဒ္ဒန္တပညာသိရီ အန္တိမ အဂ္ဂဈာပနကျင်းပခြင်း အခမ်းအနားကို နိုဝင်ဘာ ၂၇ ရက်၊ နံနက် ၈ နာရီအချိန်က မဟာဝိသုတာရာမတိုက် ကျောင်းဝန်းအတွင်းကျင်းပလျက်ရှိကြောင်းသိရသည်။
မဟာဝိသုတာရာမတိုက်သစ်ကျောင်း၊ မြို့နယ်သြဝါဒါစရိယ၊ ပဓာနနာယက ဆရာတော်ဘဒ္ဒန္တပညာသီရိ (အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ) ဘဝနတ်ထံ ပျံလွန်တော်မူခဲ့ရာ စံကျောင်းတော်သို့ ပင့်ဆောင်သည့် အန္တိမအဂ္ဂိဈာပနာအခမ်းအနားတွင် နိုင်ငံတော်ဩဝါဒစရိယ၊ မြစ်ကြည့်တိုက်၊ ရုပ်စုံကျောင်းဆရာတော် ဘဒ္ဒန္တဣန္ဒဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ တပည့်ဒါယကာ၊ဒါယိကာမများက လှူဖွယ်ဝတ္ထုပစ္စည်းနှင့် လှူဒါန်းငွေကျပ် ၁၈၅ သိန်းကျပ်အားကပ်လှူသည်။ ဆက်လက်၍ ပခုက္ကူမြို့၊ နိုင်ငံတော်ဩဝါဒစရိယ၊ မဟာဝိသုတာရာမ အလယ်တိုက်ကျောင်းဆရာတော် ဘဒ္ဒန္တပညာဇောတထံမှ သံဝေဂတရားနာယူ၍ ရေစက်ချတရားနာယူကြည်ညိုကြသည်။
ထို့နောက် ဘဝနတ်ထံပျံလွန်တော်မူသော ဘဒ္ဒန္တပညာသီရိ အရှင်သူမြတ်၏ ဘဝဖြစ်တော်စဉ် ထေရုပ္ပတ္တိအကျဉ်းအား ဗဟိုစည်ကျောင်းဆရာတော် ဦးကောသလ္လ ကဖတ်ကြားပူဇော်ခြင်းနှင့် ရုပ်ကလာပ်တော်အား ယာယီစံကျောင်းပေါ်သို့ ကြွချီတော် မူရန် တောင်းပန်လျှောက်ထားသော "အဘိယာစနနိမန္တနဂါထာ"ကို ဆင်ဂေါင်းရကျောင်း ဆရာတော် ဦးအာဘရက ရွတ်ဖတ်ပူဇော်ပြီးနောက် ဘဒ္ဒန္တပညာသီရိ အရှင်သူမြတ်၏ ရုပ်ကလာပ်တော်အား ဈာပနာအခမ်းအနားကျင်းပမည့် ယာယီစံကျောင်းတော်သို့ ပင့်ဆောင်ခဲ့ကြောင်း သိရသည်။
ဒီပါလင်း