သုံးခွမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်

သုံးခွ နိုဝင်ဘာ ၂၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ သုံးခွမြို့နယ်တွင် ပါတီစုံဒီမိုက‌ရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရပ်ကွက်၊ ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်သင်တန်းကို အမှတ်(၁)ရပ်ကွက် မင်းရဲကျော်စွာလမ်းရှိ မြို့နယ်အားကစားခန်းမတွင် နိုဝင်ဘာ ၂၇ ရက် နံနက် ၉ နာရီခွဲက ဖွင့်လှစ်ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မျိုးဝင်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးသန်းလွင်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ သင်တန်းပို့ချရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်(၁) ဦးဇော်မင်းထွေးမှ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်ကိုလည်းကောင်း၊ မြို့နယ်ဥပဒေအရာရှိ ဒေါ်ယဥ်မင်းထွေးက ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများ၊ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲများကို နှောက်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ ကာကွယ်ပေးရေးဥပဒေများကိုလည်းကောင်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဒေါ်ထွေးအိငယ်ငယ်အောင်က အီလက်ထရောနစ်မဲပေးစက်ဖွဲ့စည်းတည်ဆောက်ပုံနှင့်ပါဝင်သည့် ဆက်စက်ပစ္စည်းများ၊ အီလက်ထရောနစ်မဲပေးစက်များစစ်ဆေးခြင်းစသည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

အဆိုပါသင်တန်းကို ရပ်ကွက်/ကျေးရွာ ရွေးကောက်ပွဲကော်မရှင်အဖွဲခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူး (၁၅၂)ဦး တက်ရောက်ခဲ့ပြီး နံနက် ၁၀ နာရီမှ ညနေ ၃ နာရီခွဲထိ သင်တန်းနည်းပြများက သင်တန်းပို့ချကြောင်းသိရပြီး သုံးခွမြို့နယ်တွင် မဲပေးပိုင်ခွင့်ရှိသူ(၁၃၄၆၃၂)ဦးရှိကာ မဲရုံပေါင်း (၁၃၄)ရုံ ထားရှိ​ကြောင်း သိရသည်။

စည်သူလင်း ပြန်/ဆက်