ရန်ကုန် နိုဝင်ဘာ ၂၇
ရန်ကုန်တိုင်းဒေသကြီး၊ ကမာရွတ်ခရိုင်၊ ကမာရွတ်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက် ၉ နာရီက အမှတ် (၂) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။
ဦးစွာ အခမ်းအနားကို ကျောင်းသား၊ ကျောင်းသူများက မြန်မာကျောင်း သီချင်းဖြင့် သီဆိုဖွင့်လှစ်ပြီးနောက်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စိမ်းလဲ့က စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။
ထို့နောက် စာရေးဆရာ ဦးဝင်းသိန်း (အောင်ကောင်းဗိုလ်) က လူငယ်များအား စာဖတ်ခြင်းအကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောပြီး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားအဖြစ် ဥာဏစွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲနှင့် ကာယစွမ်းရည်ပြိုင်ပွဲများ ပင်ဘောင်ဘောလုံးပစ်ပြိုင်ပွဲ၊ ဆေးရောင်ခြယ်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲများကို ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများမှ ပျော်ရွှင်စွာ ပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။
စိမ်းလဲ့(ပြန်/ဆက်)