ပြင်ဦးလွင်မြို့တွင်  ဖူဆယ်ဒိုင်လူကြီးသင်တန်းဆင်းပွဲ ကျင်းပ

ပြင်ဦးလွင် နိုဝင်ဘာ ၂၈

၂၀၂၅ ခုနှစ်၊ ပြင်ဦးလွင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် ပြင်ဦးလွင်မြို့နယ် ဘောလုံးအဖွဲ့ချုပ်တို့ ပူးပေါင်းဖွင့်လှစ်သော ဖူဆယ်ဒိုင်လူကြီး သင်တန်းဆင်းပွဲကို ယမန်နေ့မွန်းလွဲပိုင်း ၂ နာရီက ပြင်ဦးလွင်ခရိုင် အားကစားနှင့်ကာယပညာဦးစီးဌာနရှိ အားကစားခန်းမဆောင် ၁ ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။   

ရှေးဦးစွာ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဦးဗိုလ်ဗိုလ်နိုင်မှ သင်တန်းဆင်းအမှာစကားပြောကြားပြီး တာဝန်ရှိသူများက သင်တန်းသားများအား သင်တန်းဆင်းလက်မှတ်များ အသီးသီးပေးအပ်ချီးမြှင့်ခြင်း၊ အလှူရှင်များအား ဂုဏ်ပြုမှတ်တမ်းလွှာများပေးအပ်ခြင်း၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဖူဆယ်ဒိုင်နည်းပြ ဦးကျော်စိုးမှ သင်တန်းသားများကိုယ်စား ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓါတ်ပုံရိုက်ကူးခဲ့ကြသည်။ 

အဆိုပါ သင်တန်းကို ၂၂-၁၁-၂၀၂၅ ရက်နေ့မှ ၂၇-၁၁-၂၀၂၅ ရက်နေ့အထိ သင်တန်းကာလ ၆ ရက်ကြာသင်တန်းနည်းပြများမှ နံနက် ၈ နာရီအချိန်မှ နေ့လယ် ၁၆:၀၀ နာရီအချိန်အထိ  ပုသိမ်ကြီးမြို့နယ်၊ မဟာအောင်မြေမြို့နယ်၊ အောင်မြေသာဇံမြို့နယ်နှင့် ပြင်ဦးလွင်မြို့နယ်အသီးသီးတို့မှ သင်တန်းသား/ သင်တန်းသူ ၄၀ ဦးတို့အား စာတွေ့လက်တွေ့ စနစ်တကျသင်ကြားပို့ချခဲ့ကြောင်း   တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ  သိရှိရသည်။

ခရိုင် (ပြန်/ဆက်)