ရန်ကုန် နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၁/၂၀၂၅) ကြိမ်မြောက် အစည်းအဝေးကို နိုဝင်ဘာလ ၂၆ ရက်နေ့ နံနက်ပိုင်းက ရန်ကင်းမြို့နယ်၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ဆောင်ရွက်သည်။
အစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူးဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အဖွဲ့သည် ရင်းနှီးမြှုပ်နှံသူလုပ်ငန်းရှင်များ၏ ထုတ်လုပ်သည့်ပစ္စည်း နမူနာပြသထားရှိမှုများကို ကြည့်ရှုစစ်ဆေးကြသည်။
ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အမှာစကားပြောကြားသည်။
ယင်းနောက် ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီသည် စက်မှုကဏ္ဍတွင် ရာခိုင်နှုန်းပြည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၇)ခုနှင့် ဖက်စပ်နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁) ခုတို့ကို အတည်ပြုပေးခဲ့ပြီး အတည်ပြုပေးခဲ့သည့် လုပ်ငန်းများမှာ CMP စနစ်ဖြင့် Wearing Apparel အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် အရည်အသွေးမြင့် Poly Resin Ornaments, Christmas Ornaments, Home Decorations, Ceramic, Porcelain Figurines and Cold Cast Bronze Ornaments and Collectibles အမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း၊ CMP စနစ်ဖြင့် နားကြပ်နှင့် ဆက်စပ်ပစ္စည်းအမျိုးမျိုး ထုတ်လုပ်ခြင်းလုပ်ငန်း နှင့် ပလတ်စတစ်အိတ် အမျိုးမျိုးထုတ်လုပ် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတို့ ဖြစ်ကာအဆိုပါ ရင်းနှီး မြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ အမေရိကန်ဒေါ်လာ ၁၂.၄၀၈ သန်း (အမေရိကန် ဒေါ်လာ တစ်ဆယ့်နှစ် ဒဿမ လေးသုညရှစ်သန်း) ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၆,၇၈၆ ဦး အတွက် ဖန်တီးပေးနိုင်ခဲ့ကြောင်းနှင့် အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုပမာဏ တိုးမြှင့်မည့် လုပ်ငန်း (၃)ခုအပါအဝင် အထွေထွေကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၈)ခု၏ တင်ပြချက် များကို လည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)