မန္တလေးတိုင်းဒေသကြီးတွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ချမ်းအေးသာစံ နိုဝင်ဘာ ၂၈

၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ မန္တလေးတိုင်းဒေသကြီးအတွင်း အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်တာဝန်ရှိသူများ၊ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်အမှာစကား ပြောကြားရာတွင် ၂၀၂၅ ခုနှစ် မန္တလေးတိုင်းဒေသကြီးရှိ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အပိုင်း (၃) ပိုင်းခွဲပြီး ဆောင်ရွက်သွားမည်ဖြစ်ရာ အောင်မြင်စွာကျင်းပနိုင်ရေး အနီးကပ်ကြီးကြပ်ဆောင်ရွက်နိုင်ရန်နှင့် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းကူညီဆောင်ရွက်နိုင်ရန် လုပ်ငန်းညှိနှိုင်း အစည်းအဝေးဖြစ်ပါကြောင်း၊  တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများအား ကျင်းပမည့် မြို့နယ်များအလိုက် တာဝန်များခွဲဝေချထားပေးပြီး ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ရေး ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်နှင့်ပေါင်းစပ်ပြီး လိုအပ်သည်များရှိပါကအချိန်နှင့်တပြေးညီ အဖက်ဖက်မှ ပံ့ပိုးကူညီဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း၊ မဲဆန္ဒရှင်စာရင်းများ ပြည့်စုံမှန်ကန်ရေးနှင့် မဲဆန္ဒပေးပိုင်ခွင့်ရှိသူ ပြည်သူများ မိမိတို့၏ဆန္ဒမဲပေးပိုင်ခွင့်များ ဆုံးရှုံးမှုမရှိစေရေးအတွက် တစ်အိမ်တက်ဆင်း ဆောင်ရွက်သွားရေး၊ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများကို ကော်မရှင်အဖွဲ့ခွဲ အဆင့်ဆင့်က အလေးထားကာ လုံခြုံရေးသတိ၊ လုံခြုံရေးအသိတို့ဖြင့် စနစ်တကျကြပ်မတ် ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။

အစည်းအဝေး၌ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ Video Conferencing စနစ်ဖြင့် တက်ရောက်ကြသည့် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မဲဆန္ဒရှင်စာရင်းမှန်ကန်ရေးအတွက် ဒုတိယအကြိမ်ကပ်ထားကြေညာထားသည့် မဲဆန္ဒရှင်စာရင်များအား မြို့နယ်များအလိုက် တစ်အိမ်တက်ဆင်းတိုက်ဆိုင်စိစစ်သွားရန် ဆောင်ရွက်သွားမည့်အစီအမံများ၊ ကြိုတင်မဲပေးမှုဖောင်းပွမှုမဖြစ်စေရေး၊ မဲမသမာမှုမရှိစေရေးစိစစ်ဆောင်ရွက်နေမှုများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM) များကို ရွေးကောက်ပွဲကျင်းပမည့်မြို့နယ်များသို့ ပို့ဆောင်ပေးထားမှု၊ မဲပေးစက်စစ်ဆေးခြင်းလုပ်ငန်းများကို နည်းပညာအထောက်အကူပြုအဖွဲ့များမှ သင်တန်းပေးထားသည့် နည်းပညာရှင်များဖြင့် ဆောင်ရွက်သွားမည့်အစီအစဉ်များ၊ မဲရုံလုံခြုံရေးနှင့်ဆန္ဒမဲပေးသူများအတွက် လုံခြုံရေးစနစ်တကျဆောင်ရွက်မည့်အစီအစဉ်များ၊ ပူးပေါင်းပါဝင်ဆောင်ရွက်မည့် အစီအမံများနှင့်ပတ်သက်၍ ဆွေးနွေးပြောကြားကြပြီးနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ရှင်းလင်းတင်ပြချက်များနှင့် ဆွေးနွေးချက်များအပေါ် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးကာ နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်(ချမ်း/စံ)