တိုက်ကြီးမြို့နယ်၌ အငြိမ်းစားသက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေး

တိုက်ကြီး နိုဝင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်ကုသရေးဦးစီးဌာနက ကြီးမှူး၍ ပင်စင်လစာများ ထုတ်ယူနေသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား သက်ကြီးဘိုးဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ အခမဲ့ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ပေးသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ပေးခြင်းကို ဒုတိယခရိုင်ကုသရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်း ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက မြန်မာ့စီးပွားရေးဘဏ်သို့ ပင်စင်လစာ လာရောက်ထုတ်ယူနေသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား သက်ကြီးဘိုးဘွားများအား သွေးပေါင်ချိန်ပေးခြင်း၊ ဆီးချိုရောဂါ၊ သွေးချိုရောဂါစစ်ဆေးပေးခြင်း၊ မကူးစက်နိုင်သောရောဂါများ စမ်းသပ်ကုသပေးခြင်းနှင့် လိုအပ်သောဆေးဝါးများကို အခမဲ့ထောက်ပံ့ပေးခြင်းတို့ ဆောင်ရွက်ပေးခဲ့ပြီး နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းကို လစဉ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)