ပြည်ကြီးတံခွန် နိုဝင်ဘာ ၂၈
၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရပ်ကွက်များ၌ ယမန်နေ့နံနက်ပိုင်းမှ စတင်၍ ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါ လူဦးရေစာရင်းများတိုက်ဆိုင်စစ်ဆေးရာတွင် ပြည်ကြီးတံခွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တိုက်နယ်မှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌနှင့်အတွင်းရေးမှူးများက တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ပုံစံ ၃၊ ပုံစံ ၄၊ ပုံစံ ၄ (ဂ) များဖြင့် တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင်မှုများ ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို နိုဝင်ဘာလ ၂၇ ရက်နေ့မှ ဒီဇင်ဘာလ ၄ ရက်နေ့အထိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဇင်မင်းမောင်(ခရိုင်၊ပြန်/ဆက်)