လှိုင်သာယာ(အနောက်) နိုဝင်ဘာ ၂၈
မျိုးဆက်သစ်အားကစားသမားကောင်းများပေါ်ထွန်းရန်နှင့် ရွေးချယ်မွေးမြူနိုင်ရန်ရည်ရွယ်၍ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းတွင်းအားကစားပြိုင်ပွဲ ဆုချီးမြင့်ပွဲအခမ်းအနားကို ယနေ့နံနက်(၉)နာရီက လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် အမှတ်(၈)အ.ထ.ကကျောင်းရှေ့ အားကစားကွင်းတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားကို ပထမပိုင်းအစီအစဥ်အဖြစ် အလယ်တန်းအဆင့် အမျိုးသမီးဘောလုံးပြိုင်ပွဲ G -7 အသင်းနှင့် G-6 ဘောလုံးအသင်းတို့က ဗိုလ်လုပွဲကစားကြခြင်း၊ G-4 ကျောင်းသား/ ကျောင်းသူများက မြန်မာ့ကျောင်းသီချင်းဖြင့် ဖျော်ဖြေကြခြင်း၊ မူလတန်းအဆင့်ကျောင်းသား/ ကျောင်းသူများက ပန်းပွားအကဖြင့်ဖျော်ဖြေကပြခြင်း၊ G-8 ကျောင်းသား/ကျောင်းသူများက ကဗျာလွတ်အကဖြင့် သီဆိုကပြကြသည်။
ဒုတိယပိုင်းအစီအစဥ်၌ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းက အောင်ပွဲရအားကစားသမားများအား အားကစားတွင်ထူးချွန်ကြသလို၊ ကျောင်းစာကိုလည်း ထူးချွန်ကြိုးစားစေလိုကြောင်း၊ ကျောင်း၏စည်းကမ်းကိုလိုက်နာကြစေလိုကြောင်း ယခုဆုအသီးသီးရရှိကြသည့် အားကစားသမားများသည် နိုင်ငံတော်အတွက် မြန်မာ့အားကစား ကမ္ဘာကသိစေနိုင်အောင်ကြိုးစားကြစေလိုကြောင်း မှာကြားသည်။
ယင်းနောက် အထက်တန်းအဆင့် အသင်း(၁၁)သင်းယှဥ်ပြိုင်ရာ G-10-A အသင်းမှပထမ၊ အလယ်တန်းအဆင့် (၁၆)သင်းတွင် G -4-A အသင်းပထမ၊ မူလတန်း (၂၆)သင်းတွင် G -5 အသင်း ပထမ၊ အထက်တန်းအဆင့်အမျိုးသမီးဘောလုံးအသင်း(၇)သင်းတွင် G-10 အသင်း ပထမ၊ အလယ်တန်းအဆင့် အမျိုးသမီး (၉)သင်းတွင် G- 8 အသင်း ပထမဆုများအသီးသီးရရှိကြသည့် အသင်းများ၊ ပထမ၊ ဒုတိယ၊ တတိယဆုများနှင့် ပွဲစဥ်တစ်လျှောက်လုံးအကောင်းဆုံးဆုရရှိကြသည့် အားကစားသမားများအား ဆုအသီးသီးချီးမြှင့်ပေးခဲ့ကြောင်း သတင်းရရှိသည်။
မြို့နယ် ပြန် / ဆက်