ရွှေပြည်သာမြို့နယ်တွင် ပြည်သူများမဲစာရင်းမကျန်ရှိစေရတာဝန်ရှိသူများ တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်လျက်ရှိ

ရွှေပြည်သာ နိုဝင်ဘာ ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ ၂၀၂၅ ပြည့်နှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးရန်သတ်မှတ်ချက်နှင့်ကိုက်ညီသော မဲဆန္ဒရှင်ပြည်သူများ မဲစာရင်းတွင်ပါဝင်နိုင်စေရေး၊ အချက်အလက်များပြည်စုံမှန်ကန်စေရေးနှင့် ဆန္ဒမဲ‌ပေးပိုင်ခွင့်မဆုံးရှုံး‌စေရေးတို့အတွက် ယနေ့ မွန်းလွဲပိုင်းမှစတင်၍ ရပ်ကွက်၊ကျေးရွာများအတွင်း အပိုင်းလိုက်သက်ဆိုင်ရာတာ၀န်ရှိသူများက တစ်အိမ်တက်ဆင်း လိုက်လံ၍ ကွင်းဆင်းဆောင်ရွက်ပေးသည်။

 ထို့သို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ရွှေပြည်သာမြို့နယ် မြေပြင်ကွင်းဆင်းစာရင်းကောက်ယူရေးကော်မတီအဖွဲ့များနှင့် သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များပူးပေါင်း၍ အိမ်ထောင်စုလူဦးရေစာရင်းတွင်ပါ၀င်သည့် အမည်စာရင်းနှင့်မဲစာရင်း၌ပါ၀င်သည့် အမည်စာရင်းမှန်မမှန်၊ မဲစာရင်း၌ မိမိအမည်မပါဝင်ပါက ပုံစံ(၃)ဖြင့်လည်းကောင်း၊ မဲစာရင်းတွင် အမည်စာရင်းမပါဝင်သင့်ဘဲ ပါဝင်နေပါက ပုံစံ (၄)ဖြင့် ကန့်ကွက်ခြင်း၊ မဲစာရင်းပါအချက်အလက်များ မှားယွင်းနေပါက ပုံစံ(၄/ဂ)ဖြင့် ပြင်ဆင်လွှာတင်သွင်းခြင်းများကို လိုက်လံစစ်ဆေးဆောင်ရွက်ပေးလျက်ရှိပြီး အဆိုပါ စစ်‌‌ဆေးပေးခြင်းကို ဒီဇင်ဘာ ၄ ရက်နေ့အထိ ဆောင်ရွက်‌သွားမည်ဖြစ်‌ကြောင်း သိရှိရသည်။

အေးမိုး(ပြန်/ဆက်)