အမရပူရမြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများ အပေါ် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေး

အမရပူရ နိုဝင်ဘာ ၂၈

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့် နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန် ဆန္ဒမဲပေးနိုင်ရေး အတွက် ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို အမရပူရမြို့နယ်အတွင်းရှိ ရပ်ကွက်များနှင့်ကျေးရွာများတွင် ယမန်နေ့နံနက်ပိုင်းမှ စတင်ကာ ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမရပူရမြို့နယ် ဦးစီးမှူးရုံးမှ တိုက်နယ်မှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့မှူးနှင့်အဖွဲ့ဝင်များ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့်အတွင်းရေးမှူးများက တစ်အိမ်တက်ဆင်း(Door to Door) တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ပုံစံ-၃၊ ပုံစံ-၃(က) ပုံစံ-၄၊ ပုံစံ-၄ (ဂ) များဖြင့် တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင်မှုများကို ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို နိုဝင်ဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၃ဝ ရက်နေ့အထိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမရပူရမြို့နယ်ဦးစီးမှူးရုံး ထံမှသိရသည်။

စိုးသီဟ(အမရ)