သာစည်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်း ဖွင့်လှစ်

သာစည် နိုဝင်ဘာ ၂၈

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် သာစည်မြို့နယ်၌ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲများ လုပ်ငန်းလမ်းညွှန်သင်တန်းကို နိုဝင်ဘာ ၂၈ ရက်နံနက် ၉ နာရီက သာစည်မြို့အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း ဝန်ဇင်းမင်းရာဇာခန်းမတွင် ဖွင့်လှစ်ကြောင်း သိရသည်။

သင်တန်းတွင် ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌဦးမျိုးသက်ကျော်က အမှာစကား ပြောကြားသည်။ ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးအောင်မြင့်က သင်တန်းဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။ ထို့နောက် သင်တန်းသားများအား ရပ်ကွက်/ကျေးရွာ အုပ်စုကော်မရှင်အဖွဲ့ခွဲ လုပ်ငန်းလမ်းညွှန်စာအုပ်များဖြန့်ဝေပေးပြီး သင်တန်းကို စတင်ပို့ချရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ ဦးစီးအရာရှိဦးအောင်ကျော်စိုးနှင့်ဝန်ထမ်းများ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များက မဲပေးစက်နှင့်ပတ်သက်၍ ရှင်းလင်းပြသခြင်း၊လက်တွေ့မဲပေးသရုပ်ပြခြင်းနှင့်သင်တန်းသားများ တာဝန်ယူဆောင်ရွက်ရ မည့်လုပ်ငန်းများကို ရှင်းလင်းပို့ချဆွေးနွေးကြောင်းသိရသည်။

သာစည်မြိနယ်တွင် မြို့ပေါ် ၇ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၈၀ စုစုပေါင်းရပ်ကွက်/ကျေးရွာအုပ်စု ၈၇ အုပ်စု ရှိရာ သင်တန်းသို့ ရပ်ကွက်/ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် အတွင်းရေးမှူးများ စုစုပေါင်း သင်တန်းသား ၁၇၄ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့နယ်ပြန်/ဆက်