ရန်ကုန် နိုဝင်ဘာ ၂၈
ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ အမှတ်(၄/၅)ရပ်ကွက်၊ လှည်းတန်းလမ်း (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား) ကွန်ကရိလမ်းသစ်ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်းတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း တက်ရောက်ကြသည်။
ဦးစွာ တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးကျော်ကျော်စိုးက အမှာစကားပြောကြားသည်။
ထို့နောက် တိုင်းဒေသကြီး လမ်းပန်းဆက်သွယ်ရေးဝန်ကြီး၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန(လမ်းနှင့်တံတား)မှ ဌာနမှူးနှင့် တာဝန်ရှိသူများက ကွန်ကရိလမ်းသစ်ကို ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးကြသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က လမ်းမတော်မြို့နယ်၊ အမှတ် (၄/၅) ရပ်ကွက်၊ လှည်းတန်းလမ်း (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား) ကွန်ကရစ်လမ်းသစ်အား ဖြတ်သန်းကြည့်ရှုစစ်ဆေးပြီး တက်ရောက်လာကြသူများကို ရင်းရင်းနှီးနှီးနှုတ်ဆက်သည်။
အဆိုပါကွန်ကရိလမ်းသစ်ကို ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီအနေဖြင့် ဘဏ္ဍာရေးနှစ်များအလိုက် လမ်းများအား ပြုပြင်ခြင်း၊ အဆင့်မြှင့်တင်ခြင်းများ ဆောင်ရွက်လျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် လမ်းမတော်မြို့နယ်၊ လှည်းတန်းလမ်း (အနော်ရထာလမ်းနှင့် မဟာဗန္ဓုလလမ်းကြား) ၏ မူလလမ်းသားမှာ ကတ္တရာကွန်ကရိလမ်းသားဖြစ်ပြီး လမ်းအသုံးပြုမှု သက်တမ်းကြာမြင့်နေပြီးဖြစ်သောကြောင့် လမ်းအရှည် ပေ ၈၃၀ ၊ ယာဉ်သွားလမ်းအကျယ်(၄၂)ပေ ကွန်ကရိခင်းဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဇွဲထက်ကို (ပြန်/ဆက်)