ကျောက်ဆည် နိုဝင်ဘာ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးရိပ်သာ အစည်းအဝေးခန်းမ၌ သက်ကြီးရွယ်အိုထောက်ပံ့ရေးနှင့် ကြည့်ရှုစောင့်ရှောက်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ မွန်းလွဲ ၃ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ခရိုင်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်က ကျောက်ဆည်ခရိုင်အနေဖြင့် သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီကို ဖွဲ့စည်းထားပြီးဖြစ်ပြီး ကော်မတီဝင်များအနေဖြင့် သက်ကြီးရွယ်အိုများအား ထောက်ပံ့ရေးနှင့် ကြည့်ရှုစောင့်ရှောက်ရေးလုပ်ငန်းစဉ်များတွင် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရန် အမှာစကားပြောကြားခဲ့ပြီးအတွင်းရေးမှူး ဒေါ်သန်းသန်းစိုးမှ ၂၀၂၆ ခုနှစ်တွင် ပြဌာန်းထားသော မြန်မာနိုင်ငံသက်ကြီးရွယ်အိုဥပဒေနှင့်အညီ ကျောက်ဆည်မြို့နယ်၌ ရွှေစေတီဘိုဘွားရိပ်သာဖွင့်လှစ်ထားပြီး အဘိုး ၈ ဦး၊ အဘွား ၃၁ ဦး လက်ခံစောင့်ရှေက်ထားပြီး ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်အတွက် ငွေ ၅၈သိန်းရှစ်သောင်းကျပ် ထောက်ပံ့ပေးခဲ့ပြီးနှင့် မြစ်သားမြို့နယ်ဘိုးဘွားရိပ်သာတွင်လည်း အဘိုး ၄ ဦး၊ အဘွား ၂၀ ဦးတို့အား လက်ခံစောင့်ရှောက်ထားပြီး ထောက်ပံ့ငွေ ၃၃ သိန်းရှစ်သောင်းတစ်ထောင်ကျပ် ထောက်ပံ့ပေးခဲ့ကြောင်း ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်လာသည့် ကော်မတီဝင်များက သက်ကြီးရွယ်အိုများဘဝမြှင့်တင်ရေးနှင့် စောင့်ရှောက်ရေးလုပ်များနှင့် ပတ်သတ်၍ ဆွေးနွေးတင်ပြရာ ခရိုင်သက်ကြီးရွယ်အိုများဆိုင်ရာကော်မတီဥက္ကဋ္ဌက ဘိုးဘွားစောင့်ရှောက်ရေးလုပ်ငန်းများ အောင်မြင်ရေးပေါင်းစပ်ညှိနှိုင်းခဲ့ကြောင်း သိရသည်။
သက်မောင်