မြောက်ဥက္ကလာပ နိုဝင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၌ ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ရပ်ကွက်နှင့်ကျေးရွာများအလိုက် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေးနှင့် စက်မှုဇုန်များတွင် လက်တွေ့စမ်းသပ်မဲပေးနေမှုများအား ယမန်နေ့နံနက် ၉ နာရီအချိန်က တာ၀န်ရှိသူများက ကွင်းဆင်းကြည့်ရှု ဆောင်ရွက်ခဲ့ကြသည်။
ထိုသို့ ရပ်ကွက်များတွင် မဲဆန္ဒရှင်စာရင်းများ မြေပြင်ကွင်းဆင်းဆောင်ရွက်ရာသို့ မရမ်းကုန်းခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးမောင်မောင်အေး၊ ခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယရဲမှူးကြီးမောင်ဌေး၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမိုးသူနှင့် အဖွဲ့၀င်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များ၊ ရပ်ကွက်စာရေးများ၊ သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများအလိုက် ဆန္ဒမဲပေးနိုင်မည့် မဲဆန္ဒရှင်စာရင်းများ မှန်ကန်မှုရှိစေရေး စိစစ်ဆောင်ရွက်ခြင်းများကို တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်နေမှုများအား ကြည့်ရှုခဲ့ကြသည်။
ယင်းနောက်ရွှေပေါက်ကံ စက်မှုဇုန်ရှိ သီရိသုခဓမ္မာရုံအတွင်း စက်မှုဇုန်အတွင်းရှိ အလုပ်သမားများအား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့က မြန်မာအီလက်ထရောနစ်မဲပေးစက်အကြောင်း သိကောင်းစရာများ၊ မြန်မာအီလက်ထရောနစ်မဲပေးစက်ဖြင့် စမ်းသပ်မဲပေးမှုအဆင့်ဆင့်ကို ရှင်းလင်းပြသခဲ့ပေးကြပြီး စက်မှုဇုန်အတွင်းရှိ အလုပ်သမားများက လက်တွေ့စမ်းသပ်မဲပေးဆောင်ရွက်နေမှုများအား တာ၀န်ရှိသူများက လိုက်လံကြည့်ရှုအားပေးခဲ့ကြပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။
သက်လွင်စိုး(ပြန်/ဆက်)