ဗိုလ်တထောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနား စည်ကားသိုက်မြိုက်စွာ ကျင်းပ

ဗိုလ်တထောင် နိုဝင်ဘာ ၂၉

ဗိုလ်တထောင်ခရိုင်၊ ဗိုလ်တထောင်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားကို နိုဝင်ဘာ ၂၇ ရက်နေ့ နံနက် ၉ နာရီခွဲအချိန်က အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။

ဦးစွာအခမ်းအနားကို မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်က အမှာစကားပြောကြားပြီးနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ခင်ဝင်းကြည်က စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုအခမ်းအနားများ ကျင်းပပြုလုပ်ရသည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် စာရေးဆရာမသုခေတ်မေက “စာဖတ်ခြင်းအကျိုးကျေးဇူးများ ခေါင်းစဉ်ဖြင့် အသိပညာပေးဟောပြောခြင်း၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန မြို့နယ်အားကာမှူး ဒေါ်မြတ်လေးနွယ်ကအားကစားနှင့်ကျန်းမာရေးအကြောင်း အသိပညာပေးဟောပြောပြီးနောက် ဆုပေးပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကျပန်းစကားပြောပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများတွင် ဆုရရှိကြသူများနှင့် အထူးဆုရရှိသူများအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိုးလှိုင်မောင်နှင့် အဖွဲ့ဝင်ဦးအောင်မိုးကျော်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ခင်ညွန့်နှင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဒေါ်ခင်ဝင်းကြည်တို့ကလည်းကောင်း ဆုလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။

ထို့နောက် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း ကျောင်းအုပ်ဆရာမကြီးကိုယ်စား တာဝန်ခံကျောင်းအုပ်ဆရာမကြီး ဒေါ်မြတ်ဆုမွန်မြင့်က ကျေးဇူးတင်စကားပြောကြားပြီး အမှတ်တရစုပေါင်းမှတ်တမ်းတင်ဓါတ်ပုံများရိုက်ကူးကြပြီး ဟောပြောပွဲအခမ်းအနား ရုပ်သိမ်းခဲ့သည်။

၎င်းနောက် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော နံရံကပ်စာစောင်များနှင့် သုတ/ရသစာအုပ်စာစောင်များအား ကျောင်းသား၊ ကျောင်းသူများမှ စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။

စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အခမ်းအနားအဖြစ် ကျပန်းစကားပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲ၊ အသိပညာပေးဟောပြောပွဲနှင့် ပြင်ပအားကစားပြိုင်ပွဲအဖြစ် ဇကောရွက်ပြိုင်ပွဲ၊ ပိန်ပေါင်ကောက်ပြိုင်ပွဲ၊ ဘဲဥကောက်ပြိုင်ပွဲ၊ စကားပုံဆက်ပြိုင်ပွဲ၊ ခါးကွင်းလှည့်ပြိုင်ပွဲနှင့် ဘယ်ခြေညာလက်ပြိုင်ပွဲများကို ကျင်းပခဲ့ရာ ကျောင်းသား၊ ကျောင်းသူများ ပျော်ရွှင်စွာပါဝင်ဆင်နွဲခဲ့ကြကြောင်း သိရသည်။

ခင်ဝင်း (ပြန်/ဆက်)