ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဇာတ်တိုက်လေ့ကျင့်မှု သရုပ်ပြပွဲ ကျင်းပ

ဒဂုံတောင် နိုဝင်ဘာ ၂၉

မြို့နယ်အတွင်း မီးဘေးအန္တရာယ်ကင်းဝေးစေ‌ရေး၊ မီးဘေးလုံခြုံရေး၊ မီးဘေးအန္တရာယ် ကြိုတင်တားဆီးကာကွယ်နိုင်ရေး၊ အသိပညာများကျယ်ပြန့်စေရေးတို့အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ် မီးသတ်ဦးစီးဌာနသည် နိုဝင်ဘာလ ၂၇ ရက်နေ့ ညနေ ၃ နာရီခွဲတွင် ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ်ရှိ မြို့နယ်အားကစားခန်းမ၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန် သင်တန်းသား/သင်တန်းသူများအား မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောမှုနှင့်အတူ မီးငြှိမ်းသတ်ရေးသရုပ်ပြခြင်းတို့ ဆောင်ရွက်ကြကြောင်း သတင်းရရှိသည်။

ဟောပြောပွဲနှင့် သရုပ်ပြပွဲအခမ်းအနားသို့ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဖွဲ့ဝင်များမဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် မဲရုံအဖွဲ့ဝင် လုပ်ငန်းလမ်းညွှန် သင်တန်းသား/သင်တန်းသူများ၊ ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ စုစုပါင်းအင်အား ၂၀၀ ဦးခန့် တက်ရောက်ကြပြီး တက်ရောက်လာကြသူများအား ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ် မြို့နယ်ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်မင်းသီဟ ဦးဆောင်သော သန္ဓေတပ်ဖွဲ့ဝင် (၅) ဦးက မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်း၊ မီငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ကြသည်။

ဒုတိယမီးသတ်ဦးစီးမှူး ဦးအောင်မင်းသီဟဦးဆောင်သောအဖွဲ့က မီးလောင်မှုဖြစ်ပွားရသည့် အကြောင်းအရင်းများ၊ မီးဘေးအန္တရာယ်တားဆီးကာကွယ်ရေးနည်းလမ်းများကို အကျယ်တဝင့် ဟောပြောအသိပညာပေးပြီး တပ်ဖွဲ့ဝင်များက ဂက်(စ်)မီးဖို၏ မီးတောက်မီးလျှံများအား မီးငြှိမ်းသတ်နည်းများ၊ စက်သုံးဆီများ မီးလောင်ကျွမ်းမှုအပေါ် ငြှိမ်းသတ်မှုနည်းလမ်းများ၊ မီးသတ်ဆေးဘူး အသုံးပြုပုံများ၊ မီးသတ်ပိုက်ဖြင့် မီးငြှိမ်းသတ်ပုံတို့အား အခမ်းအနားသို့ တက်ရောက်လာသူများနှင့်အတူ သရုပ်ပြဆောင်ရွက်‌ပေးကြောင်း သတင်းရရှိသည်။

သန်းသန်းအေး (ဒဂုံတောင်)