သာစည် နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြို့နယ်အတွင်း ဓာတ်အားခကြွေးကျန်ကျဆင်းရေး၊ တရားမဝင်ဓာတ်အား သုံးစွဲမှုမရှိစေရေးနှင့် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က ပုန်းမဲဇာကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ကြောင်း သိရှိသည်။
အသိပညာပေးဟောပြောပွဲတွင် မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ လျှပ်စစ်မန်နေဂျာ ဒေါ်မေသဇင်က မန္တလေးလျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းသည် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးလုပ်ငန်းထံမှ လျှပ်စစ်ဓာတ်အားများကို လချင်းဝယ်ယူပြီး တစ်ဆင့်ပြန်လည်၍ ဖြန့်ဖြူးရောင်းချသည့်ဌာနဖြစ်ပြီး ရောင်းချရာတွင်လည်း ဓာတ်အားသုံးစွဲပြီး (၁)လကြာမှသာလျှင် ကျသင့်သည့် ဓာတ်အားခငွေများအား တွက်ချက်တောင်းခံသည့် ဌာနဖြစ်သည့်အတွက် ဓာတ်အားခငွေများအား သတ်မှတ်ရက်အတွင်း ပေးဆောင်ကြပါရန်၊ လျှပ်စစ်ဓာတ်အား တရားမဝင်သုံးစွဲပါက လျော်ကြေး၊ ဒဏ်ကြေးများ ပေးသွင်းရသည့်အတွက် တရားမဝင် သုံးစွဲခြင်းများမပြုလုပ်ကြရန်နှင့် အိမ်သုံးမီတာများဖြင့် စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ပါက ဝန်အားနိုင်နင်းမှုမရှိဘဲ မီတာလောင်ကျွမ်းနိုင်ကြောင်းတို့ကို အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ မြိုနယ်လျှပ်စစ်အင်ဂျင်နီယာ ဦးမြင့်မော်က လျှပ်စစ်ဓာတ်အားကြောင့် လူနှင့်တိရစ္ဆာန် များထိခိုက်ဒဏ်ရာရရှိခြင်း၊ အသက်ဆုံးရှုံးခြင်းနှင့် နေအိမ်အဆောက်အဦ၊ အလုပ်ရုံများ မီးလောင်ပျက်စီးဆုံးရှုံခြင်း၊ လျှပ်စစ်ပစ္စည်းကိရိယာများ ပျက်စီးဆုံးရှုံးမှု မဖြစ်ပေါ်စေရေးအတွက် လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အသိပညာပေးဟောပြောသည်။
ထို့နောက် တက်ရောက်လာကြသော ဒေသခံပြည်သူများအား လျှပ်စစ်အန္တရာယ်ကင်းရှင်းရေး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း မြိုနယ်လျှပ်စစ်မန်နေဂျာရုံးထံမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)