၂၀၂၆ ခုနှစ် အာရှဖလား ခြေစစ်ပွဲ U-17 အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ဆ)ပွဲစဥ် မြန်မာ နှင့် အိုမန် အသင်းတို့ အကြိတ်အနယ်ယှဉ်ပြိုင်

ရန်ကုန် နိုဝင်ဘာ ၂၉

၂၀၂၆ ခုနှစ် အာရှဖလားခြေစစ်ပွဲ U-17 အမျိုးသားဘောလုံးပြိုင်ပွဲ အုပ်စု(ဆ)၏ ပြိုင်ပွဲ ပွဲစဉ်များကို ယမန်နေ့ညနေ (၄) နာရီအချိန်တွင် ရန်ကုန်မြို့၊  ဝေဇယန္တာလမ်းရှိ လူငယ်အားကစားလေ့ကျင့်ရေး စခန်းသုဝဏ္ဏဘောလုံးကွင်း၌ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အားကစားနှင့်ကာယပညာဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌနှင့် အမှုဆောင်များ၊ ဌာနဆိုင်ရာများမှတာဝန်ရှိသူများ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များ၊ ဘောလုံးအားကစားဝါသနာရှင် ပရိသတ်များ တစ်ခဲနက် လာရောက်ကြည့်ရှုအားပေးခဲ့သည်။

ပြိုင်ပွဲတွင်  မြန်မာ U-17  အမျိုးသားဘောလုံးအသင်းနှင့် အိုမန် U-17   အမျိုးသားဘောလုံးအသင်းတို့သည် ပထမပိုင်း  (၄၅) မိနစ်တွင် ဂိုးရရှိရေးအတွက် အကြိတ်အနယ် ယှဉ်ပြိုင်ကစားခဲ့သည်။

ဆက်လက်ပြီး ဒုတိယပိုင်းအားယှဉ်ပြိုင်ကစားခဲ့ရာ (၆၃ မိနစ် ၂၀ စက္ကန့်) တွင် မြန်မာ U-17 အမျိုးသားဘောလုံးအသင်းမှ ကျောနံပါတ်(၅) အသင်းခေါင်းဆောင် အောင်သီဟက ပထမဦးဆောင်ဂိုးကိုလည်းကောင်း၊ (၆၆ မိနစ် ၄၀ စက္ကန့်) တွင် ကျောနံပါတ် (၁၀) ညီညီသန့်က ဒုတိယဂိုးကိုလည်းကောင်း ထပ်မံသွင်းယူနိုင်ခဲ့ပြီးအိုမန် U-17 အမျိုးသားဘောလုံးအသင်းက ချေပဂိုးပြန်လည်သွင်းယူနိုင်ခဲ့ခြင်း မရှိခဲ့သည့်အတွက်  ပြိုင်ပွဲပြီးဆုံးချိန်တွင် မြန်မာ U-17  အမျိုးသားဘောလုံးအသင်းက အိုမန် U-17   အမျိုးသားဘောလုံးအသင်းကို (၂)ဂိုး ဂိုးမရှိဖြင့် အနိုင်ရရှိခဲ့သည်။

၂၀၂၅ ခုနှစ်  နိုဝင်ဘာလ   (၃၀) ရက်နေ့   ညနေ  (၄) နာရီတွင် မြန်မာ U-17  အမျိုးသားဘောလုံး အသင်းနှင့်ဆီးရီးယား U-17  အမျိုးသားဘောလုံးအသင်းတို့ ဆက်လက်ယှဉ်ပြိုင်ကစားသွား မည်ဖြစ်ကြောင်း သိရသည်။

အောင်မြင့်(ပြန်/ဆက်)