ပုဇွန်တောင် နိုဝင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီဖြစ်ပါသဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမတွင် ယမန်နေ့နံနက်ပိုင်းက စာသင်ကျောင်းအခြေပြု မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောပွဲ ကျင်းပြုလုပ်ပြီး မီးငြိမ်းသတ်နည်း လက်တွေ့သရုပ်ပြဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဝင်းသူက မီးသတ်ဦးစီးဌာန၏ ရည်ရွယ်ချက်များနှင့် မီးသတ်ဆေးဘူး ကိုင်တွယ်အသုံးပြု မီးငြိမ်းသတ်မှုအဆင့်ဆင့်၊ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ရမည့်အချက်များ၊ မီးလောင်မှုဖြစ်ပွားပါက လိုက်နာဆောင်ရွက်ရမည့်အချက်များ ရှင်းလင်းဟောပြောခဲ့ပြီး တက်ရောက်လာသည့် ကျောင်းသူ/ကျောင်းသားလေးများက သိရှိလိုသည်များ မေးမြန်းခဲ့ရာ ဒုတိယမြို့နယ်မီးသတ်ဦးစီးမှူး ဦးမျိုးဝင်းသူက ပြန်လည်ဖြေကြားပေးခဲ့ပြီး အရေးပေါ် သတင်းပို့ရမည့် ဖုန်းနံပါတ်များ၊ မီးဘေးလုံခြုံရေး ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့သည်။
ဆက်လက်ပြီး ဂက်(စ်)မီးဖို၏ မီးတောက်မီးလျှံများ မီးငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး အသုံးပြုပုံများ၊ မီးသတ်ဆေးဘူးဖြင့် မီးငြှိမ်းသတ်ပုံတို့ကို တက်ရောက်လာသော ကျောင်းသူ/ ကျောင်းသားများနှင့်အတူ လက်တွေ့သရုပ်ပြသဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဟန်စုယဉ်