ပုဂံရှေးဟောင်းယဉ်ကျေးမှုဇုန်ရှိ အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပ

ညောင်ဦး နိုဝင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုဒေသရှိ အလိုတော်ပြည့်ဘုရား ဗုဒ္ဓပူဇနိယပွဲတော်ကြီးကို ၁၃၈၇ ခုနှစ် နတ်တော်လဆန်း ၁၀ ရက် ယနေ့နံနက် ၇ နာရီအချိန်မှစတင်ကာ အလိုတော်ပြည့်ဆရာတော်ကြီးနှင့် ဂေါပကအဖွဲ့များမှ ဦးဆောင်ကာ သံဃာတော်အရှင်သူမြတ်များမ‌ အသံမစဲမဟာပဋ္ဌာန်း ရွတ်ဖတ်ပူဇော်ခြင်းများဖြင့် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

အလိုတော်ပြည့်ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနားကို နမောတဿသုံးကြိမ် ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး အလိုတော်ပြည့် စာသင်တိုက် မြို့နယ်သံဃနယကအဖွဲ့ဥက္ကဋ္ဌ အလိုတော်ပြည့်ဘုရားကြီး၏ ဩဝါဒါစရိယ၊ အလိုတော်ပြည့်စာသင်တိုက် ပဓာနနာယကဆရာတော် (ဂန္တဝါစကပဏ္ဍိတ၊မဟာသဒ္ဓမ္မ ဇောတိကဓဇ)ဘဒ္ဒန္တပဏ္ဍိတထံမှ ငါးပါးသီလခံယူဆောက်တည်ကြကာ ဆရာတော် သံဃာတော်အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ် တရားတော်နာယူကြသည်။ ထို့နောက် ညောင်ဦးခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ကော်မတီဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ ညောင်ဦးမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့် ကော်မတီဝင်များ၊ အလိုတော်ပြည့်ဂေါပကအဖွဲ့နှင့် မြန်မာပြည်အရပ်ရပ်ရှိ အလှူရှင်များက လှူဖွယ်ဝတ္တုများ ဆက်ကပ်ကြကာ အလိုတော်ပြည့် ဗုဒ္ဓပူဇနိယပွဲတော်ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အလိုတော်ပြည့်ဘုရားအား (AD-11)ရာစုက ကျန်စစ်သားမင်းကြီးတည်ထားကိုးကွယ်ခဲ့ကာ ကျန်စစ်သားမင်းမဖြစ်မီ စစ်သူကြီးတာဝန် ထမ်းဆောင်နေချိန် ထိုအရပ်ဒေသအား သစ္စာအဓိဋ္ဌာန်ပြု အောင်မြင်ခဲ့ခြင်းကြောင့် အလိုတော်ပြည့်ဘုရား တည်ထားကိုးကွယ်ခဲ့ကြောင်း သိရသည်။ ဒုတိယအကြိမ် ပြန်လည်ပြုပြင်မွမ်းမံသူမှာ မြန်မာသက္ကရာဇ် ၅၅၆ ခုနှစ်တွင် မင်းဆရာသင်ကြီး ငတုတ်သင်မှ ပြန်လည်ပြုပြင်ထားကြောင်း အလိုတော်ပြည့်ဘုရားအဝင် ဘယ်ဘက်ခြမ်းတွင် နံရံဆေးရေးပန်းချီရေးထိုးထားခြင်းများအရ သိရပြီး နှစ်ကာလရှည်ကြာလာသောအခါ ချုံနွယ်၊ မြက်၊ ပေါင်းများ ထူးထပ်အုပ်မိုးပေါက်ရောက်နေရာမှ အလိုတော်ပြည့်ဘုရားအား ၁၃၅၄ ခုနှစ် နတ်တော်လပြည့်နေ့တွင် ကျောက်ပန်းတောင်းမြို့၊  မဟာအောင်မြေစာသင်တိုက်ကြီး၏ ပဓာနနာယကဆရာတော် မဟာဂန္တာဝါစကပဏ္ဍိတ ကမ္မဌာနာစရိယ နယ်လှည့်ဓမ္မကထိက နယ်စပ်ဒေသသာသနာပြုဆရာတော် ဘဒ္ဒန္တအရိယဝံသမထေရ်မြတ်သည် တိမ်မြှုပ်နေသော ရှေးဟောင်းအမွေအနှစ် အလိုတော်ပြည့်မြတ်စွာဘုရားကြီးအား ဆရာတော်မှဦးဆောင်ကာ ချုံနွယ်ပိတ်ပေါင်းများအား အရိယဝံသဆရာတော်ကြီးကိုယ်တိုင် ဦးစီးတော်မူကာ ပတ္တနာဆုအား သစ္စာအဓိဋ္ဌာန်ပြုကြပြီး ဗုဒ္ဓါဘိသေကအနေကဇာတင် မင်္ဂလာအခမ်းအနား ပြုလုပ်ခဲ့ကြောင်း ရေးထိုးထားသည့် ကမ္ဗည်းများမှ သိရသည်။

အလိုတော်ပြည့်ဘုရား၏ ထူးခြားအံ့ဩဖွယ်ကောင်းသော ဝိသေသလက္ခဏများ ၁၃၅၄ ခုနှစ်၊ နတ်တော်လပြည့်နေ့ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပနေစဉ် ဖူးမြင်ရသူ ဒါယကာ၊ ဒါယိကာမအပေါင်း အံ့ဩလောက်အောင် စေတီတစ်ဆူလုံး ဖြူ၊ နီ၊ ရွှေ၊ ပြာအရောင် အဆင်းအမျိုးမျိုးတို့ဖြင့် ဓာတ်တော်များ စေတီအပေါ် ၁၀ ပေခန့် လျှံတက်ကွန့်မြူးတော်မူခြင်း၊ ဘုရားစေတီအတွင်းသို့ ဖူးမြှော်ဝင်ရောက်သူတိုင်း စိတ်နှစ်လုံးကြည်လင်ပြီး သဒ္ဒါတရာများ ပြင်းပြစွာဖြစ်ပေါ်လာခြင်း၊ အလိုတော်ပြည့်ဘုရားသို့ ဖူးမြှော်ရန်ရောက်ရှိသူတိုင်း ငါးပါးသီလခံယူတည်ဆောက်၍ ဂုဏ်တော်ကိုးပါးပွားများပြီးလျှင် မိမိလိုသော ဆုတစ်ပန်ဆင်ပါက အလိုပြည့်ကြောင်း သိရသည်။ စေတီလေးမျိုးဓာတုစေတီ၊ ဓမ္မစေတီ၊ ဥဒ္ဒိဿစေတီ၊ ပရိဘောဂစေတီတို့တွင် အလိုတော်ပြည့်စေတီသည် သမိုင်းဝင် ဓာတုစေတီဖြစ်ကြောင်း အေဒီ (၁၁)ရာစု ကျန်စစ်သားမင်းကြီးတည်ထားကိုးကွယ်ခဲ့ကြောင်း ဗိသုကာလက်ရာများမှ တစ်ဆင့်သိရှိခဲ့ရကြောင်း စေတီတော်လှိုင်အတွင်း မင်စာအထောက်အထားများရှိသည့် အလိုတော်ပြည့်ဘုရားဟူသည် အလိုတော်ပြည့်မြတ်စွာဘုရားကြီးဖြစ်ကြောင်း သိရသည်။

ဒီပါလင်း