ချမ်းအေးသာစံ နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်သည် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်တင်မင်းလတ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးနှင့် အစိုးရအဖွဲ့အတွင်းရေးမှူး၊ မန္တလေးတပ်နယ်မှ တပ်နယ်မှူးနှင့် စစ်ဘက်ဆိုင်ရာတာဝန်ရှိသူများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များလိုက်ပါပြီး ယမန်နေ့မွန်းလွဲပိုင်းက အောင်မြေသာစံခရိုင်၊ မတ္တရာမြို့နယ် ဆည်တော်ကြီးကျေးရွာရှိ ဆည်တော်ကြီးရေလှောင်တမံသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့သည်။
အဆိုပါ ဆည်တော်ကြီးရေလှောင်တမံသို့ ရောက်ရှိစဉ် ရေအားလျှပ်စစ် စက်ရုံ ထိန်းချုပ်ခန်းနှင့် ထရမ်စဖော်မာများ ပြုပြင်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးရာ ရေအားလျှပ်စစ်ထုတ်လုပ်ရေး လုပ်ငန်းစက်ရုံးမှူး ဦးတိုးနိုင်ဝင်းက မန္တလေးမြို့ အောင်ပင်လယ်ဓာတ်အားခွဲရုံသို့ ဓာတ်အားပေးပို့နိုင်ရန်အတွက် ပို့လွှတ်ရေးပစ္စည်းများအား စစ်ဆေးပြုပြင်နေမှု၊ ဓာတ်အားပို့လွှတ်ရေးနှင့် ကွပ်ကဲရေးဌာနမှ တာဝန်ယူထိန်းသိမ်းသော 132 KV အောင်ပင်လယ်-ဆည်တော်ကြီး လိုင်းပြုပြင်ပြီးစီးပါက နိုင်ငံတော်ဓာတ်အားစနစ်ထဲသို့ ဓာတ်အားထည့်ရန် ဆည်တော်ကြီးတမံ၏ စက်အမှတ်(၂)အား လည်ပတ်သွားမည့်အခြေအနေ၊ စက်အမှတ်(၁)၏ ပင်မထရမ်စဖော်မာများ ပျက်စီးမှုအားစစ်ဆေးခြင်း ဆောင်ရွက်နေမှုအခြေအနေများနှင့် ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း လုံခြုံအေးချမ်းစွာဖြင့် တာဝန်များထမ်းဆောင်နေမှု အခြေအနေများကိုလည်းကောင်း ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး ဝန်ထမ်းများအား ရင်းနှီးစွာနှုတ်ဆက် အားပေးစကားများ ပြောကြားခဲ့သည်။
ဆက်လက်၍ ရေပိုလွှဲတံခါးကြီးများမှ မိုးစပါးအောင်ရေအတွက် ရေထုတ်လွှတ်နေမှုများကို ကြည့်ရှုစစ်ဆေးရာ တိုင်းဒေသကြီးဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးစံမင်းထွန်းက ဆည်တော်ကြီးရေလှောင်တမံဆိုင်ရာ အချက်အလက်များ၊ တမံကြံ့ခိုင်မှုအတွက် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးတွေ့ရှိခဲ့မှု အခြေအနေများနှင့် ပြုပြင်ဆောင်ရွက်သွားမည့် အစီအမံများ၊ တမံအတွင်းရေသိုလှောင် ထိန်းသိမ်းထားမှု၊ မိုးစပါးအောင်ရေအတွက် ရေထုတ်လွှတ်နေမှု၊ မန္တလေး၊ မတ္တရာ၊ ပုသိမ်ကြီးနှင့် အမရပူရမြို့နယ်များအတွက် ၂၀၂၅-၂၀၂၆ ခုနှစ် နွေစပါးနှင့် နွေသီးနှံစိုက်ပျိုးရေ ခွဲဝေလျာထားမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တိုင်းမှူးတို့က ရှင်းလင်းတင်ပြမှုများအပေါ် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးပြီး တာဝန်ထမ်းဆောင်နေကြသည့် ဝန်ထမ်းများကို ရင်းနှီးစွာနှုတ်ဆက်အားပေးစကားများ ပြောကြားကာ တမံနှင့်ရေအားလျှပ်စစ်စက်ရုံတွင် တာဝန်ထမ်းဆောင်နေကြ သည့်ဝန်ထမ်းများအတွက် ထောက်ပံ့ငွေများ ပေးအပ်ခဲ့သည်။
အဆိုပါ ဆည်တော်ကြီးရေလှောင်တမံသည် မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ် စလေကျေးရွာအုပ်စု ဆည်တော်ကြီးရွာအနီးတွင်တည်ရှိပြီး မန္တလေးမြို့ ရေပေးဝေရေး၊ မတ္တရာဒေသနှင့် မန္တလေးပတ်ဝန်းကျင်ဒေသတွင်း စိုက်ပျိုးရေပေးဝေရေး၊ ရေအားလျှပ်စစ် ထုတ်လုပ်ရေးတို့အတွက် ရည်ရွယ် ဆောက်လုပ်ထားသည့် တာတမံဖြစ်ကြောင်း၊ ၁၉၇၆ ခုနှစ်မှ စတင်တည် ဆောက်ခဲ့ရာ ၁၉၈၇ ခုနှစ်တွင် အောင်မြင်စွာပြီးစီးခဲ့သည့် မြေသား၊ ကွန်ကရစ်၊ ကျောက်ဖြည့်တမံအမျိုးအစားဖြစ်ကာ တမံအလျား (၄၁၂၀)ပေ၊ တမံအမြင့် (၁၃၃)ပေနှင့် တမံထိပ်အကျယ် (၂၀)ပေရှိပြီး ကန်ရေပြည့် ရေလှောင်ပမာဏ အနေဖြင့် ဧက (၃၆၃၀၀၀)ပေ ရှိကြောင်း၊ မန္တလေးတိုင်းဒေသကြီးအတွင်းရှိ မြို့၊ ရွာများအတွက် ဆည်ရေပေးဝေနိုင်သည့် လယ်မြေဧက (၉၃၂၃၆) ကို စိုက်ပျိုးရေဖြန့်ဖြူးပေးနိုင်ကြောင်း၊ ဆည်တော်ကြီးရေလှောင်တမံမှ လျှပ်စစ် ဓာတ်အား ထုတ်လုပ်မှုအနေဖြင့် စက်တပ်စွမ်းအား (၂၅)မဂ္ဂါဝပ်ရှိပြီး တစ်နှစ်လျှင် လျှပ်စစ်ဓာတ်အားထုတ်လုပ်နိုင်မှု နာရီသန်းပေါင်း (၁၃၄)ကီလိုဝပ်ကို လည်းထုတ်လုပ်ပေးသဖြင့် ဒေသခံပြည်သူလူထု၏ လူမှုစီးပွားဘဝကိုဖွံ့ဖြိုး တိုးတက်အောင် တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုသည့် ဆည်တော်ကြီး ရေလှောင်တမံဖြစ်ကြောင်းနှင့် ၂၀၂၅ ခုနှစ် နိုဝင်ဘာလ (၂၈)ရက်နေ့တွင် ရေသိုလှောင်ပမာဏ ဧက (၂၉၆၉၈၀)ပေ ရှိကြောင်း သတင်းရရှိသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)