ငါန်းဇွန် နိုဝင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်အုပ်ချုပ်ရေးမှူး အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လည် (၂)နာရီအချိန်က အသက် (၉)နှစ်မှ အသက် (၁၁)နှစ်အတွင်း (၁၂)နှစ်မပြည့်သေးသူ အမျိုးသမီးငယ်များအား သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေး အရှိန်အဟုန်မြှင့်ထိုးနှံနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှဦးစီး၍ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဦးစီး၍ ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမျိုးမင်းသိန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာကော်မတီဥက္ကဋ္ဌ ဒေါ်မြင့်မြင့်ခိုင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးဌာနမှ တာဝန်ရှိသူများ၊ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း အဖွဲ့ဝင်များနှင့် မြို့နယ်ကြက်ခြေနီအသင်း တပ်ဖွဲ့ဝင်များစသည့် နှီးနွယ်ဌာန မိတ်ဖက်အဖွဲ့အစည်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။ ရှေးဦးစွာ အစည်းအဝေးတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာစိုးမိုးအောင်မှ သားအိမ်ခေါင်းကင်ဆာရောဂါ (HPV) ကာကွယ်ဆေး အရှိန်အဟုန်မြှင့် ထိုးနှံနိုင်ရေးအတွက် ကာကွယ်ဆေးထိုးနှံမည့်သူများမှာ ပြည်သူလူထုအခြေပြု ကျောင်းနေပြင်ပ အသက် (၉)နှစ်မှ အသက် (၁၁)နှစ်အတွင်း (၁၂)နှစ်မပြည့်သေးသူ အမျိုးသမီးငယ်များဖြစ်ကြောင်း၊ ကာကွယ်ဆေးထိုးနှံခြင်းနှင့် စပ်လျဉ်းသည့် လုပ်ငန်းစဉ်အသေးစိတ်ကို ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
ယင်းနောက် အစည်းအဝေးတက်ရောက်လာကြသောသူများမှ သိလိုသည်များကို ဆွေးနွေးမေးမြန်းကြရာ မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာ စိုးမိုးအောင်မှ သိလိုသည်များကို ပြန်လည် ရှင်းလင်းဆွေးနွေးခဲ့ပြီး အစည်းအဝေးကို နေ့လည် (၃)နာရီခန့်တွင် ပြီးစီးခဲ့ကြောင်း သိရသည်။
ကိုကိုနိုင်(ပြန်/ဆက်)