အမရပူရမြို့နယ်၌ ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းဆက်လက်ဆောင်ရွက်

အမရပူရ  နိုဝင်ဘာ  ၂၉

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲတွင် အသက် ၁၈ နှစ်နှင့်အထက် မဲပေးပိုင်ခွင့်ရှိသည့်နိုင်ငံသားတိုင်း နိုင်ငံသားအခွင့်အရေး မဆုံးရှုံးစေရန်ဆန္ဒမဲပေးနိုင်ရေးအတွက် ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်း တိုက်ဆိုင်စစ်ဆေးခြင်းများကို ယနေ့နံနက် ၉ နာရီအချိန်က ဓနုံးကျေးရွာအုပ်စုတွင် ဆက်လက်စစ်ဆေး ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ လူဦးရေစာရင်းများ တိုက်ဆိုင်စစ်ဆေးရာတွင် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးသွယ်‌မောင်မောင်ထွန်း၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ လူဝန်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန အမရပူရမြို့နယ် ဦးစီးမှူးရုံးမှ တိုက်နယ်မှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ကျေးရွာကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌနှင့် အတွင်းရေးမှူးများက တစ်အိမ်တက်ဆင်း(Door to Door) တိုက်ဆိုင်စစ်ဆေးခဲ့ပြီး ပုံစံ ၃၊ ပုံစံ ၃ (က) ပုံစံ ၄၊ ပုံစံ ၄(ဂ) များဖြင့် တောင်းဆို၊ ကန့်ကွက်၊ ပြင်ဆင်မှုများကို ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။

အဆိုပါ ဒုတိယအကြိမ်မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းများကို နိုဝင်ဘာလ ၂၇ ရက်နေ့မှ နိုဝင်ဘာလ ၃ဝ ရက်နေ့အထိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီး ဌာန အမရပူရမြို့နယ် ဦးစီးမှူးရုံးထံမှ သိရသည်။

စိုးသီဟ(အမရ)