မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မဲစာရင်းမှန်ကန်စေရေး တစ်အိမ်တက်ဆင်း မဲစာရင်းများ တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်

မိတ္ထီလာ နိုဝင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ် မိတ္ထီလာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မဲစာရင်းမှန်ကန်စေရေး တစ်အိမ်တက်ဆင်း မဲစာရင်းများ တိုက်ဆိုင်စိစစ်ခြင်းလုပ်ငန်းဆောင်ရွက်ခြင်းကို နိုဝင်ဘာလ ၂၈ ရက်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အခြေခံအကျဆုံးဖြစ်သည့် မဲဆန္ဒရှင်စာရင်း တိကျမှန်ကန်စေရန် မဲစာရင်းတွင် ပါသင့်သူများ မကျန်ရှိစေရေး အသက် (၁၈)နှစ်ပြည့်နှင့်အထက် စာရင်းအချက်အလက်များ ပြည့်စုံမှန်ကန်ရန်အတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်ကျေးရွာများတွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှဝန်ထမ်းများ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မိတ္ထီလာမြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများ၊ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် ရပ်ကျေးကော်မရှင်အဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင် စစ်ဆေးခြင်းလုပ်ငန်းကို ဆောင်ရွက်လျက်ရှိသည်။

အဆိုပါရပ်ကွက်ကျေးရွာများတွင် တစ်အိမ်တက်ဆင်း မဲစာရင်းတိုက်ဆိုင်စစ်ဆေးခြင်းလုပ်ငန်းစဉ်တစ်ရပ်လုံး ပြီးမြောက်အောင်မြင်စေရေး ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် တာဝန်ရှိသူများက လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

သိန်းမြင့်ကျော်(မိတ္ထီလာ)