လှိုင် နိုဝင်ဘာ ၂၉
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်စာရေးဆရာအသင်းက စီစဉ်ကျင်းပသော(၈)ကြိမ်မြောက် “လှိုင်စာပေဆု”ဆုပေးပွဲအခမ်းအနားကို လှိုင်မြို့နယ်၊ ဘူတာရုံလမ်း၊ ပုညသီရိ အောင်ချမ်းသာကျောင်း၌ ယနေ့ နံနက်(၁၀)နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားကို မြန်မာနိုင်ငံစာရေးဆရာအသင်းဥက္ကဋ္ဌ၏ စာဆိုတော်နေ့ သဝဏ်လွှာအားဖတ်ကြား၍ အခမ်းအနားဖွင့်လှစ်ခဲ့ပြီး လှိုင်မြို့နယ်စာရေးဆရာအသင်းနာယက အောင်သိဒ္ဓီဆရာတော်ကြီးနှင့် လှိုင်စာပေဆု မတည်အလှူရှင် ပုညသီရိအောင်ချမ်းသာဆရာတော်ကြီးတို့က ဩဝါဒစကားမိန့်ကြားပေးခဲ့သည်။ ဆက်လက်၍ မြန်မာနိုင်ငံစာရေးဆရာအသင်းဒုတိယဥက္ကဋ္ဌ ဆရာမြတ်စိုး(လှိုင်)ကလည်းကောင်း၊ လှိုင်မြို့နယ်စာရေးဆရာအသင်းဥက္ကဋ္ဌ ဆရာကြယ်နီလေး(ဥပဒေ)ကလည်းကောင်း၊ လှိုင်မြို့နယ်စာရေးဆရာ အသင်းနာယက ဆရာမင်းဆက်ပိုင်ကလည်းကောင်း၊ လှိုင်မြို့နယ်စာရေးဆရာအသင်းနာယက ဆရာမြတ်သူရတို့က အမှာစကားများ အသီးသီးပြောကြားခဲ့သည်။
ထို့နောက် လှိုင်စာပေဆုရရှိသူများအား ဂုဏ်ပြုဆုလက်ဆောင်များ အသီးသီးပေးအပ်ခဲ့ပြီး တတိယဆုရှိသော ဆရာဆေးတန်သား (မန္တလေး)က ကျေးဇူးတင်စကားပြောကြား၍ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
ဇော်ဇော်နိုင်(ပြန်/ဆက်)