မဟာအောင်မြေ ဒီဇင်ဘာ ၁
ပညာရေးဝန်ကြီးဌာန၊ အဆင်မြင့်ပညာဦးစီးဌာန၊ စစ်ကိုင်းပညာရေးတက္ကသိုလ်မှ မန္တလေးတက္ကသိုလ်တွင်ဖွင့်လှစ်သည့် ပုဂ္ဂလိကဆရာအတတ်ပညာလက်မှတ်သင်တန်းဆင်းပွဲကို နိုဝင်ဘာလ ၃၀ ရက်နေ့ နေ့လယ် ၁၂ နာရီက မန္တလေးတက္ကသိုလ်၊ စီးပွားရေးပညာဌာန၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ သင်တန်းဆင်းပွဲနှင့်ပတ်သက်၍ စစ်ကိုင်းပညာရေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။
ဆက်လက်ပြီး စစ်ကိုင်းပညာရေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ စစ်ကိုင်းပညာရေးတက္ကသိုလ် ဒုတိယပါမောက္ခချုပ်များမှ သင်တန်းသား၊ ကျောင်းသူများအား သင်တန်းပြီးမြောက်အောင်မြင်ကြောင်း လက်မှတ်များအား အသီးသီးချီးမြှင့် ပေးခဲ့သည်။
ထို့နောက် ပုဂ္ဂလိက ဆရာအတတ်ပညာလက်မှတ် သင်တန်းဆင်းပွဲ ကျင်းပပေးသည့်အတွက် အမျိုးသားသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိကကိုယ်ပိုင်ကျောင်းမှ ဆရာမတစ်ဦးနှင့် နိုင်ငံတကာသင်ရိုးသင်ကျောင်းမှ ဆရာတစ်ဦးက ကျေးဇူးတင်စကားပြောကြားခဲ့ပြီးနောက် ဆရာကြီး၊ ဆရာမကြီးများကိုယ်စား စစ်ကိုင်းပညာရေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာ အေးသက်သက်ဝင်းက သင်တန်းသား၊ သင်တန်းသူများအား ဆုတောင်းမေတ္တာစကားနှင့် ဆုံးမဩဝါဒစကားများ ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါ သင်တန်းဆင်းပွဲကို စစ်ကိုင်းပညာရေးတက္ကသိုလ် ခေတ္တပါမောက္ခချုပ် ဒေါက်တာအေးသက်သက်ဝင်း၊ စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ မန္တလေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ စစ်ကိုင်းပညာရေးတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များ၊ စီမံရေးရာအရာရှိများ၊ အမျိုးသားသင်ရိုးညွှန်းတမ်းသင် ပုဂ္ဂလိကကိုယ်ပိုင်အထက်တန်းကျောင်းနှင့် နိုင်ငံတကာသင်ရိုးသင်ကျောင်းများမှ ကျောင်းစီမံတည်ထောင်အုပ်ချုပ်သူများနှင့် သင်တန်းသား၊ သင်တန်းသူ(၄၇၈)ဦးတက်ရောက်ခဲ့ကြပြီး သင်တန်းကာလကို နိုဝင်ဘာ ၁ ရက်မှ ၃၀ ရက်အထိ သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။
အောင်ဇော်မင်း