တံတားဦး ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ၌ ဒုတိယအကြိမ်ကပ်ထားသည့် မဲဆန္ဒရှင်စာရင်းများအား မှန်ကန်စေရေးအတွက်ရပ်ကွက်၊ ကျေးရွာအုပ်စု Door to Door ကွင်းဆင်းစစ်ဆေးခြင်းလုပ်ငန်းကို တတိယနေ့အဖြစ် ဆက်လက်ဆောင်လျက်ရှိကြောင်း သိရသည်။
အဆိုပါ မြေပြင်ကွင်းဆင်းစစ်ဆေးနေမှုအား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့အဖွဲ့ဝင် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ တံတားဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ချမ်းငြိမ်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဖြိုးဇော်ကိုကိုနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ တာဝန်ရှိသူများသည် တံတားဦးမြို့ အမှတ်(၁)ရပ်ကွက်၊ ဥတည်ကျေးရွာအုပ်စု၊ မီးသွေးတိုက်ကျေးရွာအုပ်စု၊ ငါးရာပြားကျေးရွာအုပ်စုနှင့် ကန်ချောကျေးရွာအုပ်စုတို့အား လိုက်လံကြည့်ရှုခဲ့ပြီး မဲစာရင်းတွင် ပါဝင်မှုမရှိသူများအား ပုံစံ-၃ ဖြင့်လည်းကောင်း၊ မဲစာရင်းတွင်ပါဝင်သော်လည်း ကန့်ကွက်လိုပါက ပုံစံ-၄ ဖြင့်လည်းကောင်း၊ အချက်အလက်ပြင်ဆင်လိုပါက ပုံစံ ၄-ဂ ဖြင့်လည်ကောင်း တစ်ခါတည်း လျှောက်ထားနိုင်ရေးဆောင်ရွက်ခဲ့ပါကြောင်း၊ မြေပြင်မရှိ၊ ခရီးလွန်၊ သေဆုံး၊ သာသနာ့ဘောင်ဝင်များ တစ်ခါတည်းစစ်ဆေးဆောင်ရွက်သွားရန်နှင့် မှတ်ပုံတင်ပျောက်ဆုံး၊ ပျက်စီးမှုများရှိပါက မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနရုံးသို့ အခမဲ့လျှောက်ထားဆောင်ရွက်ပေးနေပါကြောင်းနှင့် အပိုင်း(၂)ရွေးကောက်ပွဲတွင် သက်ဆိုင်ရာမဲရုံများသို့ မဲသွားပေးကြရန် စည်းရုံပြောကြားခဲ့ကြောင်း သိရသည်။
ဒုတိယအကြိမ် မဲစာရင်းများအပေါ် မြေပြင်ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးခြင်းကို ၂၀၂၅ ခုနှစ် နိုဝင်ဘာလ ၂၈ ရက်နေ့မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့အထိ သက်ဆိုင်ရာတာဝန်ရှိသူများနှင့်ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)