ညောင်ဦး ဒီဇင်ဘာ ၁
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံမြို့ သီရိပစ္စယာရပ်ရှိ လောကနန္ဒာ စွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပြီးစီးမှု(ရွှေပြည့်အောင်ပွဲ)နှင့် ဗုဒ္ဓဘိသေက အနေကဇာတင်လှူခြင်းရေစက်ချမင်္ဂလာအခမ်းအနားကို နိုဝင်ဘာ ၃၀ ရက်နေ့နံနက် ၇ နာရီက ဘုရားကြီး ရင်ပြည်တော်ပေါ်တွင် ကျင်းပခဲ့ကြောင်းသိရသည်။
လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပြီးစီးမှု ရွှေပြည့်အောင်ပွဲ၊ ဗုဒ္ဓဘိသေကအနေကဇာတင်လှူခြင်းအား နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ မြင်းခြံမြို့၊ ကိုးဆောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇောတိပါလ၊ နိုင်ငံတော်ဩဝါဒါစရိယ၊ မြစ်ကြည့်တိုက်၊ ရုပ်စုံကျောင်းဆရာတော် ဘဒ္ဒန္တဣန္တဝံသ၊ ဦးဆောင်သော သံဃာတော် ၁၀၈ ပါးမှတစ်ပြိုင်တည်း ဗုဒ္ဓဘိသေက အနေကဇာတင် ပူဇော်ကြသည်။
ဆက်လက်၍ လောကနန္ဒာစွယ်တော်မြတ်စေတီတော်ကြီး လုံးတော်ပြည့် ရွှေသင်္ကန်းကပ်လှူပြီးစီးမှု ရွှေပြည်အောင်ပွဲမင်္ဂလာအခမ်းအနားတွင် ဆက်လက်ကျင်းပရာ အခမ်းအနားအား သံဃာတော်များနှင့်ဧည့်ပရိသတ်များက နမောတဿသုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနားဖွင့်လှစ်သည်။ နိုင်ငံတော်ဩဝါဒါစရိယ၀၊ မြစ်ကြည့်တိုက်၊ ရုပ်စုံကျောင်းဆရာတော် ဘဒ္ဒန္တဣန္တဝံသ အရှင်သူမြတ်ထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြပြီး၊ ဆရာတော် အရှင်သူမြတ်များထံမှ မေတ္တာသုတ်ပရိတ်တရားတော်များ နာယူကြည်ညိုကြသည်
ထို့နောက် မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးက သာသနာရေးဆိုင်ရာများ လျှောက်ထားတင်ပြ သည်။ ထို့နောက် သံဃာတော်အရှင်သူမြတ်များအား တိုင်းဒေသကြီး၊ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုးနှင့် တာဝန်ရှိသူများက လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။ ပြီးနောက် နိုင်ငံတော်သံဃမဟာ နာယကအဖွဲ့၊ ဒုတိယဥက္ကဋ္ဌ၊ မြင်းခြံမြို့၊ ကိုးဆောင်ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တဇောတိပါလ အရှင်သူမြတ်ထံမှ အနုမောဒနာ တရားနာယူကြကာ လှူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှအတန်းပေးဝေးခဲ့ကြပြီး ဆရာတော်အရှင်သူမြတ်များအား နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဒီပါလင်း