ကျောက်ပန်းတောင်းမြို့၌ ပညာဘူမိတက္ကသိုလ်မှ ကြီးမှူး၍  သုတဓမ္မစာမေးပွဲကျင်းပ စုစုပေါင်း ဖြေဆိုသူ ၃၁၄ ဦးရှိ

ကျောက်ပန်းတောင်း ဒီဇင်ဘာ ၁

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၌ ပညာဘူမိတက္ကသိုလ်မှ ကြီးမှူးကျင်းပသည့် သုတဓမ္မစာမေးပွဲကြီးကို နိုဝင်ဘာ ၃၀ ရက်နေ့ မွန်းလွဲ ၁ နာရီက ဘူတာရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာ ဓမ္မာ့ဗိမာန်တော်ကြီးတွင် ဒုတိယနေ့အဖြစ် ဆက်လက်ကျင်းပခဲ့သည်။

အဆိုပါ သုတဓမ္မစာမေးပွဲကို၊ ကျောက်ပန်းတောင်းမြို့ သာသနာ့ရက္ခိတအသင်းကြီးမှ ကမကထပြု ဆောင်ရွက်ခြင်းဖြစ်ပြီး၊ စာမေးပွဲ၌ Level-1 ၊ Level-2 ၊ Level-3 နှင့် B.A Part-1၊ B.A Part-2 ၊ B.A Part-3 ဟူ၍ အဆင့်များ ခွဲကာဖြေဆို ကြရခြင်းဖြစ်ကြောင်း သိရပြီး၊ မန္တလေးစာဖြေဌာန(၆) အဖြစ် ကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ ဓမ္မသုတစာမေးပွဲ  Level-1 ကို နိုဝင်ဘာ ၂၉ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး ကြောင်းနှင့် နိုဝင်ဘာ ၃၀ ရက်နေ့တွင် နောက်ဆုံးနေ့အဖြစ် Level- 2/3 နှင့် B.A Part 1/2/3 တို့ဖြေဆိုကြခြင်းဖြစ်ကြောင်းသိရသည်။ “ကျွန်တော်တို့ ဒီစာမေးပွဲကြီးက ကျောက်ပန်းတောင်းမြို့မှာ ပထမဆုံးအကြိမ် ကျင်းပတာဖြစ်ပါတယ်။ မန္တလေးစာဖြေဌာန အမှတ် (၆) အနေနဲ့ပါ။ ဒီစာဖြေဌာနမှာ ကျွန်တော်တို့ ကျောက်ပန်းတောင်း၊ ချောက်၊ ဆိပ်ဖြူ၊ စလေ၊ နတ်မောက်နဲ့ ငါ့သရောက်မြို့တွေ ပါဝင်ပါတယ်။ ဖြေဆိုဖို့ စာရင်းသွင်းထားကြပြီး အကြောင်းကြောင်းကြောင့် ပျက်ကွက်သွားကြတာလည်းရှိပါတယ်။ စာမေးပွဲက ၂ ရက်ကျင်းပတာဖြစ်ပြီး၊ ဖြေဆိုချိန်ကတော့ မွန်းလွဲ ၁ နာရီကနေ ညနေ ၄ နာရီအထိ ဖြစ်ပါတယ်။ ကျောက်ပန်းတောင်း စာဖြေဌာနအတွက်ကတော့ ကျွန်တော်တို့ သာသနာ့ရက္ခိတအသင်းကြီးက အသင်းသူ၊ အသင်းသားတွေ အားလုံးလုပ်အားဒါနပြု ဝိုင်းဝန်း ကူညီကြတာပါ” ဟု သာသနာ့ရက္ခိတအသင်းဥက္ကဋ္ဌ ဦးဌေးမြင့် ထံမှသိရသည်။

မန္တလေးစာဖြေဌာန(၆) ကျောက်ပန်းတောင်းတွင် နိုဝင်ဘာ ၂၉ ရက်နေ့က Level-1 ဖြေဆိုသူ ၁၂၂ ဦး၊ B.A part-3 ဖြေဆိုသူ ၂ ဦး ပေါင်း ၁၂၄ ဦးရှိခဲ့ပြီး၊ နိုဝင်ဘာ ၃၀ ရက်နေ့တွင် Level-2 ဖြေဆိုသူ ၇၀ ဦး၊ Level-3 ဖြေဆိုသူ ၇၈ ဦး၊ BA Part-1 ဖြေဆိုသူ ၂၈ ဦးနှင့် BA Part-2 ဖြေဆိုသူ ၁၄ ဦး ပေါင်း ၁၉၀ ဦးရှိခဲ့ရာ၊ စုစုပေါင်း ဖြေဆိုသူ ၃၁၄ ဦး ရှိကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)