အင်းစိန်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုနှင့် လူငယ်စကားဝိုင်း၊ ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများ ကျင်းပ

အင်းစိန် နိုဝင်ဘာ ၂၉

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်မြို့နယ် အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း၊ အောင်ဆန်းခန်းမ၌ စာဖတ်ရှိန်မြှင့်တင်‌ရေးလှုပ်ရှားမှု လူငယ်စကားဝိုင်းနှင့်ဟောပြောပွဲ၊ ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့နံနက် (၁၀)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ အင်းစိန်ခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲထွန်းဇော်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်မေသန္တာက စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုနှင့် လူငယ်စကားဝိုင်းနှင့် ဟောပြောပွဲကျင်းပရခြင်း၏ ရည်ရွယ်ချက်များကို ဟောပြောခဲ့သည်။ ထို့နောက် တိုင်းဒေသကြီး စာကြည့်တိုက်ကြီးကြပ်ရေးကော်မတီအဖွဲ့ဝင် ဦးဘိုကြည် (ဒေါက်တာဗိုလ်သံမဏိ)က ကျောင်းစာကြည့်တိုက်သို့ စာအုပ်၊ စာစောင်များလှူဒါန်းပြီး လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန် ဆွေးနွေးဟောပြောခဲ့သည်။

ဟောပြောပွဲပြီးနောက် လူငယ်စကားဝိုင်းကို ဆက်လက်ကျင်းပရာ ရန်ကုန်မြောက်ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြား‌ရေးမှူး ဒေါ်မေသန္တာနှင့် အ-ထ-က-(၃)ကျောင်းမှ‌ ဆရာမဒေါ်အေးမြဖြူတို့က ညှိနှိုင်းရေးမှူးအဖြစ်ဆောင်ရွက်ပြီး ကျောင်းသား၊ ကျောင်းသူ(၆)ဦးက လူငယ်နှင့်စာပေ၊ လူငယ်နှင့်ပညာရေး၊ လူငယ်နှင့်စာရိတ္တ၊ လူငယ်နှင့်ကျန်းမာရေး၊ လူငယ်နှင့်နည်းပညာ၊ လူငယ်နှင့်အားကစားခေါင်းစဉ်များဖြင့် အသီးသီးဆွေးနွေးခဲ့ကြပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက သိရှိလိုသည်များကို မေးမြန်း‌ဆွေးနွေးကြရာ ဦး‌ဆောင်ဆွေးနွေးသူများက ပြန်လည်ဖြေကြား‌ဆွေးနွေးခဲ့ကြသည်။

ဆက်လက်ပြီး စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု ​ပြိုင်ပွဲများဖြစ်သည့် ကျပန်း၊ ကဗျာ၊ ပုံပြင်ပြော၊ စာစီစာကုံးပြိုင်ပွဲများတွင် ဆုရရှိ​သော ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ပြီး အ-ထ-က-(၃)ကျောင်းအုပ်ဆရာမကြီး‌ ဒေါ်မိုးစီစီက ကျေးဇူးတင်စကား‌ပြန်လည်ပြောကြားသည်။ ကျောင်းသား၊ ကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆိုဖျော်ဖြေခဲ့ကြပြီး စကားပုံဆက်၊ ခါးလှည့်၊ ပူဖောင်းဖောက်၊ ဘယ်ခြေညာလက်၊ ခွက်ဆင့်ဂိမ်းများ ပျော်ရွင်စွာ ပါဝင်ယှဉ်ပြိုင်ကစားခဲ့ကြပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ပြသထားသော အသိပညာပေး နံရံကပ်စာစောင်များ၊ သုတ၊ ရသ စာအုပ်၊ စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြောင်း သိရသည်။

ထွန်းလင်းကျော် (ပြန်/ဆက်)