ဒလ ဒီဇင်ဘာ ၄
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်အတွင်း ရှိကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပဗဟုသုတစာပေများ ပိုမိုဖတ်ရှုလေ့လာစေရန်၊ စာပေဖတ်ရှုခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်ဟောပြောပွဲကို ယနေ့ နံနက် (၁၀) နာရီအချိန်က ထူးကြီးကျေးရွာရှိ အမှတ် (၈) အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ဟောပြောပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ အဖွဲ့ဝင် ဦးရွှေလှိုင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သီတာဝင်းက စာဖတ်ရှိန်မြှင့်တင်ရေးနယ်လှည့် စာကြည့်တိုက်ဟောပြောပွဲဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်နှင့် ငယ်စဉ်စာဖတ်ခြင်းကြောင့် ကျောင်းစာအတွက် အထောက်အကူဖြစ်စေကြောင်း၊ စာအုပ်စာပေကိုပုံမှန် ဖတ်ရှုလေ့လာခြင်းအားဖြင့် စိတ်ခွန်အားများရရှိနိုင်ကြောင်း၊ လူငယ်များအနေဖြင့် ရည်ရွယ်ချက်၊ ရည်မှန်းချက်များထားရှိရန်၊ စိတ်ပိုင်းဆိုင်ရာနှင့် ကိုယ်လက်ကြံ့ခိုင်စေရေး အထူးအလေးထားဂရုပြုရန်၊ လူတော်လူကောင်းလေးများ ဖြစ်လာစေရန် ငယ်ရွယ်စဉ်ကပင် စာအုပ်စာပေများကို များများဖတ်မှတ်လေ့လာဆည်းပူးကြစေလိုကြောင်းနှင့် စာပေဖတ်ရှုရခြင်း၏ အကျိုးကျေးဇူးများအကြောင်း အသိပညာပေးဟောပြောခဲ့သည်။ ထို့နောက် ကျောင်းစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရန်အတွက် သုတ၊ ရသ စာအုပ်များကို ကျောင်းအုပ်ဆရာမကြီး ဒေါ်နီနီစိုးအား လှူဒါန်းခဲ့ပြီး ကျောင်းအုပ်ဆရာမကြီးက ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့သည်။
အဆိုပါစာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက် ဟောပြောပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့၊ အဖွဲ့ဝင် ဦးရွှေလှိုင်၊ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဆရာ၊ ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်းအင်အား (၁၀၀) ဦးတက်ရောက်ခဲ့ပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ပြသထားသော မူးယစ်ဆေးဝါးအန္တရာယ်တားဆီးကာကွယ်ရေးဆိုင်ရာ အသိပညာပေးနံရံကပ်စာစောင်များကို စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြသည်။
ရဲရင့်သူ (ပြန်/ဆက်)