ရန်ကုန် ဒီဇင်ဘာ ၂၅
ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ယနေ့ ညနေပိုင်းက ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပ နိုင်ရေးအတွက် တတိယအကြိမ် မဲဆန္ဒရှင် စာရင်းများ ကပ်ထားကြေညာထားရှိမှု၊ မဲဆန္ဒရှင် ပြည်သူများက မဲစာရင်းများ လာရောက်ကြည့်ရှုမှုနှင့် ကြိုတင်မဲပေးနေမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များသည် ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလတွင် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် ကမာရွတ်မြို့နယ်၊ အမှတ်(၂) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် အမှတ် (၁) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး များတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာထားရှိမှု အခြေအနေအား လည်းကောင်း၊ မရမ်းကုန်းမြို့နယ်၊ အမှတ်(၆) ရပ်ကွက်၊ ဘုရား ဇောတိဓမ္မာရုံတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာထားရှိမှု အခြေအနေအား လည်းကောင်း၊ မင်္ဂလာဒုံမြို့နယ်၊ ပေါက်ကုန်းရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာထားရှိမှုနှင့် ကြိုတင်မဲပေးနေမှု အခြေအနေများအား လည်းကောင်း၊ သင်္ဃန်းကျွန်းမြို့နယ်၊ (က)ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထား ကြေညာထား ရှိမှု အခြေအနေအား လည်းကောင်း ကြည့်ရှုစစ်ဆေးပြီး မဲဆန္ဒရှင်ပြည်သူများနှင့် တွေ့ဆုံ၍ ရင်းရင်းနှီးနှီး နှုတ်ဆက်ကာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က မဲစာရင်းများကို မဲဆန္ဒရှင်ပြည်သူများ ကြည့်ရှုစေရေး၊ မဲစာရင်းအမှတ်စဉ်များကို မဲဆန္ဒရှင်ပြည်သူများ ကြိုတင်သိရှိစေရေးအတွက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများ ပူးပေါင်း ဆောင်ရွက်ကြရန် စသည်တို့ကို မှာကြားသည်။
အဆိုပါ တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကို ရန်ကုန်တိုင်းဒေသကြီးအတွင်း မြို့နယ်များ၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ (၂၅)ရက်နေ့အထိ ကပ်ထားကြေညာမည်ဖြစ်ရာ မဲဆန္ဒရှင် စာရင်းများအား ပြည် သူများ လာရောက်ကြည့်ရှုနိုင်ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)