ချမ်းအေးသာစံမြို့နယ်၌ ရွေးကောက်ပွဲတွင်အသုံးပြုမည့် MEVM မြန်မာ့အီလတ်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများအား တာဝန်ရှိသူများက ထုတ်ယူ

ချမ်းအေးသာစံ ဒီဇင်ဘာ ၂၇

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၂၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလတွင် အသုံးပြုမည့် MEVM မြန်မာ့အီလတ်ထရောနစ်မဲပေးစက်နှင့် ဆက်စပ်ပစ္စည်းများအား ချမ်းအေးသာစံမြို့နယ်အတွင်းရှိ သက်ဆိုင်ရာတာဝန်ရှိသူများက မန္တလေးတိုင်းဒေသကြီးလွှတ်တော်ရုံး၌ ယနေ့နံနက်ပိုင်းက ထုတ်ယူခဲ့သည်။

ဆန္ဒမဲပေးကြမည့် ပြည်သူများ အသုံးပြုမည့် MEVM မဲပေးစက်များနှင့် ဆက်စပ်ပစ္စည်းများ ထုတ်ယူရာတွင် ချမ်းအေးသာစံမြို့နယ် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာ တာဝန်ရှိသူများမှ ပူးပေါင်းပါဝင်ဆောင်ရွက်ခဲ့ကြသည်။

ချမ်းအေးသာစံမြို့နယ်အတွင်း ရပ်ကွက် ၂၀ ရှိ မဲရုံစုစုပေါင်း ၇၀ အတွက် MEVM မဲပေးစက်များစုစုပေါင်း ၃၂၅ လုံးအား ထုတ်ယူခဲ့ကြပြီး သက်ဆိုင်ရာမဲရုံအသီးသီး၌ မဲရုံတာဝန်ခံများအား စနစ်တကျအပ်နှံပေးခဲ့ကြောင်း သိရှိရသည်။

ချမ်းမြေ့မောင်