ချမ်းအေးသာစံ ဒီဇင်ဘာ ၂၉
မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီရုံးရှိ ဓမ္မာရုံအား အသစ်ပြန်လည်တည်ဆောက်ပြီးစီးပြီဖြစ်ကာ ရေစက်ချလှူဒါန်းခြင်း အခမ်းအနားကို ယနေ့မွန်းတည့် ၁၂ နာရီက ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တိုင်းအစိုးရအဖွဲ့ဝန်ကြီးများ တက်ရောက်ခဲ့သည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့်အဖွဲ့က ဓမ္မာရုံအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်အား ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးများ ကပ်လှူပူဇော်ခဲ့ကြပြီး ပင့်သံဃာတော်အရှင်သူမြတ်တို့အား တံခွန်ကုက္ကားများ ဆပ်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဆရာတော်အရှင်သူမြတ်များက ဓမ္မာရုံအတွင်းရှိ ဗုဒ္ဓရုပ်ပွားတော်မြတ်သုံးဆူအား ဗဒ္ဓါဘိသေက အနေကဇာတင်တော်မူခဲ့ကြပြီး နမောတဿသုံးကြိမ်ရွတ်ဆိုကာ ရေစက်ချအခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။
ဆက်လက်ပြီး နိုင်ငံတော်ပရိယတ္တိသာသနာ့တက္ကသိုလ် (မန္တလေးမြို့)၊ ပါမောက္ခချုပ်ဆရာတော် ဒေါက်တာဘဒ္ဒန္တကေသရထံမှ ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ နာကြားခဲ့ကြပြီး ဝန်ကြီးချုပ်နှင့်အဖွဲ့က သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။
ထို့နောက် ဆရာတော်ကြီးထံမှ အနုမောဒနာတရား နာကြားခဲ့၍ လှူဒါန်းမှူအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပြီး ဓမ္မာရုံအသစ် ရေစက်ချပွဲအောင်မြင်မှုအထိမ်းအမှတ် ရတနာရွှေမိုးငွေမိုးများ ရွာသွန်းခဲ့ကြောင်း သိရသည်။
ချမ်းမြေ့မောင်(ချမ်း/စံ)