ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ရွေးကောက်ပွဲ ကျင်းပနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပြည်ကြီးတံခွန်   ဒီဇင်ဘာ ၂၉

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ယနေ့နံနက် ၁၀ နာရီခွဲက အစည်းအဝေး ကျင်းပခဲ့သည်။

ရှေးဦးစွာ အစည်းအဝေးတွင် ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းက အသက် (၁၈) နှစ်နှင့်အထက် နိုင်ငံသားတိုင်း မဲပေးနိုင်ဖို့ရန်၊ မဲရုံများ စနစ်တကျထားရှိ ပြင်ဆင်ထားရန်၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် ရွေးကောက်ပွဲအောင်မြင်နိုင်ရေးအတွက် သက်ဆိုင်ရာတာဝန်ရှိသူများက ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ကြဖို့ရန် မှာကြားပြောကြားခဲ့သည်။

ဆက်လက်ပြီး ပြည်ကြီးတံခွန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအတွင်းရေးမှူး ဦးမင်းစိုးနိုင်က ရွေးကောက်ပွဲကိစ္စရပ်များနှင့် ပတ်သက်၍ မှာကြားရှင်းလင်းခဲ့ရာ တက်ရောက်လာသူများက သိရှိလိုသည်များကို အသီးသီးတင်ပြ မေးမြန်းဆွေးနွေးခဲ့သည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဝင်းထွန်းကျော်နှင့်အဖွဲ့ဝင်များ၊ ရပ်ကွက် (၁၈) ရပ်ကွက် အုပ်ချုပ်ရေးမှူးများ၊ ရပ်ကွက် (၁၈) ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌများနှင့် သက်ဆိုင်ရာတာဝန်ရှိ ဌာနဆိုင်ရာအကြီးအကဲများ တက်‌ရောက်ခဲ့ကြောင်း သိရသည်။

ဇင်မင်းမောင်(ခရိုင်၊ ပြန်/ဆက်)