မြစ်သား ဒီဇင်ဘာ ၂၉
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြိုနယ် ပြည်သူ့စာကြည့်တိုက်၌ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများ တိုးပွားလာစေရန် ရည်ရွယ်၍ ဒီဇင်ဘာ ၂၉ ရက် နံနက် ၉ နာရီခွဲက အဆိုပါစာကြည့်တိုက်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သီတာအောင်က သုတ၊ ရသ စာအုပ်များ လေ့လာဖတ်ရှုပြီး အသိပညာဗဟုသုတများရရှိစေရန်၊ ညဏ်ရည် ဖွံ့ဖြိုးတိုးတက်စေရန် စာကြည့်တိုက်များနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်၊ ယခုကဲ့သို့ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲ ကျင်းပရခြင်းဖြစ်ကြောင်း အမှာစကားပြောကြားသည်။
ထို့နောက် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် အခြေခံပညာအထက်တန်းကျောင်းများ၊ အခြေခံပညာမူလတန်းလွန်ကျောင်းများ၊ ကိုယ်ပိုင်အထက်တန်းကျောင်းများမှ အထက်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၁၁ ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်း သူ ၉ ဦး စုစုပေါင်း ၂၀ ဦးတို့ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြသည်။
ဉာဏ်စမ်းပဟေဠိပြိုင်ပွဲတွင် အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် ပထမ၊ ဒုတိယ၊ တတိ ယဆုရရှိသူများကို (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားတွင် ဆုများ ပေးအပ်ချီးမြှင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ဉာဏ်စမ်းပဟေဠိပြိုင်ပွဲသို့ မြစ်သားမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမင်းအောင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှအဖွဲ့ဝင်များ၊ ဆရာ၊ ဆရာမများနှင့် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဝါဝါမြင့်(မြစ်သား)