မြစ်သား ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် စက်မှုလယ်ယာဦးစီးဌာန၊ အမှတ် (၆၄) စက်မူလယ်ယာစခန်းတွင် ပြောင်းမျိုးစေ့ချကိရိယာ (Pneumatic Seeder) ဖြင့် စိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ဒီဇင်ဘာ ၃၀ ရက် နံနက် ၉ နာရီက ရွာသစ်ကျေးရွာအုပ်စု ကွင်းအမှတ် ၄၄ ဦးပိုင်အမှတ် ၂၂ တောင်သူဦးတင်ညွန့်၏ လယ်မြေ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကွင်းသရုပ်ပြပွဲတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် (၁) ဗိုလ်မှူး အောင်ပြည့်ဖြိုးဦးက အဖွင့်အမှာစကား ပြောကြားပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က စက်ကိရိ ယာဖြင့် ပင်ကြား၊ တန်းကြား (၂ ပေ× ၉ လက္မ) စိုက်ပျိုးခြင်းဖြစ်ကြောင်း၊ မိမိတို့ကြိုက်သလိုချိန်ညှိ၍လည်း ရကြောင်း၊ မြေဩဇာခြင်းကျွေးခြင်းနှင့် အပင်ဖြစ်ထွန်းချိန်အလိုက် ပိုးမွှားရောဂါ ကျရောက်မှုမရှိရေး ဆောင်ရွက်ရမည့် နည်းလမ်းများကိုလည်းကောင်း ရှင်းလင်းဆွေးနွေးပြီး မြို့နယ်စက်မှုလယ်ယာဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးထွန်းထွန်းလင်းက ပြောင်းမျိုးစေ့ချကိရိယာ (Pneumatic Seeder) ဖြင့် ဆောင်ရွက်ခြင်းကြောင့် လုပ်အားကုန်ကျမှုစရိတ်များသက်သာခြင်း၊ မျိုးစေ့နှုန်းထား ကုန်ကျမှုစရိတ်များ သက်သာစေခြင်း၊ ရာသီအချိန်မီ စိုက်ပျိုးပြီးအချိန်ကုန်သက်သာခြင်း၊ လူလုပ်အားလျောချနိုင်ခြင်း၊ သွင်းအားစုဓါတ်မြေဩဇာကိုပါတစ်ခါတည်းထည့်သွင်းနိုင်ခြင်း၊ ပေါင်းရှင်းလင်းခြင်းအပြင် ဘောင်လုံးနိုင်ခြင်းတို့ကိုပါ ဆောင်ရွက်နိုင်မှာဖြစ်သည့်အတွက် အားသာချက်များစွာရှိကြောင်း ရှင်းလင်းဆွေးနွေးပြောကြားသည်။
ဆက်လက်၍ မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံတောင်သူများအား ပြောင်းမျိုးစေ့ချကိရိယာ (Pneumatic Seeder) ဖြင့် လက်တွေ့စိုက်ပျိုးကွင်း သရုပ်ပြသပေးခဲ့သည်။
အဆိုပါ ပြောင်းစိုက်ပျိုးခြင်းကွင်းသရုပ်ပြပွဲသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင် (၁) နှင့် ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်နှင့်ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံတောင်သူများ စုစုပေါင်းအင်အား ၅၀ ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝင်းမင်းထွန်း(ပြန်/ဆက်)