ကျောက်ဆည် ဒီဇင်ဘာ ၃၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်လမ်းဦးစီးဌာနမှ မြို့နယ်အတွင်း ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေး ဘဏ္ဍာနှစ်အလိုက် လိုအပ်သည့်လမ်း၊ တံတားများအားပြန်လည်ပြုပြင်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရေတိုက်စားသွားသည့် ကျောက်ဆည်မြို့နှင့်တံတားဦးမြို့တို့အား ဆက်သွယ်ထားသောလမ်းမှ လမ်းပိုင်းတာဘောင်အား ပြန်လည်ပြုပြင်ပေးခဲ့ရာလုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီး သွားသည့်အတွက် ကုန်စည်စီးဆင်းမှုများ လျှင်မြန်ချောမွေ့လျက်ရှိကြောင်း သိရသည်။
ပျက်စီးသွားသည့် လမ်းတာဘောင်သည် ဒွေလှကျေးရွာအနီး ၁၄ ကီလိုမီတာနှင့် ၁၆.၄၉ ကီလိုမီတာအတွင်း လမ်းတာဘောင်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး ငွေလုံးငွေရင်းခန့်မှန်းခွင့်ပြုရန်ပုံငွေ ၁၁၀ ဒဿမ ၅ ကျပ်သန်းဖြင့် အရှည်(၁.၇)ကီလိုမီတာ၊ ပျမ်းမျှအကျယ် (၁.၈၃)မီတာရှိ လမ်းတာဘောင်အား မြို့နယ်လမ်းဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
အဆိုပါလမ်းသည် ကျောက်ဆည်မြို့နှင့်တံတားဦးမြို့တို့အား ဆက်သွယ်ထားသည့်လမ်းမကြီးဖြစ်သောကြောင့် လမ်းအသုံးပြုသည့် ဒေသခံပြည်သူများ များပြားပြီး လူမှုရေး၊ စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး စသည့်ကဏ္ဍများ အသုံးပြုရာ၌ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်သည့်အတွက်များစွာ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)