သင်္ဃန်းကျွန်း ဒီဇင်ဘာ ၃၀
ရန်ကုန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းမြို့နယ် ငမိုးရိပ်ရပ်ကွက် (အပိုင်း-၃) ရွှေရည်လမ်းရှိ အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်း (ထ-ခွဲ) တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဆောင်ရွက်သည့် ကျောင်းစာကြည့်တိုက်ဖွံဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှုဟောပြောပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲနှင့် ဂိမ်းကစားနည်းပြိုင်ပွဲတို့အား ယမန်နေ့ နေ့လယ်ပိုင်းအချိန်က အဆိုပါကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။
ဦးစွာ ရန်ကုန်အရှေ့ပိုင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်က ကျောင်းသား၊ ကျောင်းသူများ လူအများရှေ့တွင် စကားပြောဆ်ိုနိုင်စေရန်၊ မိမိကိုယ်ကို ယုံကြည်မှုရှိစေရန်၊ စာပေများအား လေ့လာတတ်စေရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း ပြောကြားပြီး အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့သည်။ထို့နောက် စာရေးဆရာမ မေ (ရန်ကုန်) က စာဖတ်ခြင်းအကျိုးကျေးဇူးအကြောင်း ဗဟုသုတရဖွယ်များအား ဟောပြောခဲ့သည်။ ဆက်လက်ပြီး Grade 5 ကျောင်းသားကျောင်းသူများ၏ ပုံပြင်ပြောပြိုင်ပွဲ၊ Grade 4 ကျောင်းသား၊ ကျောင်းသူများ၏ ကဗျာရွတ်ဆို ပြိုင်ပွဲတို့အားကျင်းပပြီး ပြိုင်ပွဲဆုရ ကျောင်းသား၊ ကျောင်းသူများအား ခရိုင်ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်နှင့် တာဝန်ရှိသူများက ဆုများ အသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် အထက်တန်းပြဆရာမ ဒေါ်ခင်နှင်းရည်က ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ယင်းနောက် စာရေးဆရာမ မေ (ရန်ကုန်) အား အမှတ်တရလက်ဆောင်ပေးအပ်ကာပြီး ဆုရကျောင်းသား၊ ကျောင်းသူများနှင့် စုပေါင်းမှတ်တမ်းတင် ဓါတ်ပုံရိုက်ပြီး အခမ်းအနားပြီးမြောက်ခဲ့သည်။
အခမ်းအနားသို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ခရိုင်ဦးစီးအရာရှိ ဒေါ်ဝါဝါဝင်းမြိုင်နှင့် ဝန်ထမ်းများ၊ စာရေးဆရာမ မေ (ရန်ကုန်)၊ ကျောင်းအုပ်ဆရာမကြီး ဒေါ်ငြိမ်းငြိမ်းမြတ်၊ တာဝန်ခံဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူများ စုစုပေါင်း ၄၀၀ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇော်မိုး