ညောင်ဦး ဇန်နဝါရီ ၁
နှစ်သစ်ကူးရုံးပိတ်ရက် မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးဧည့်သည်များ ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေရှိ သမိုင်းဝင်ဘုရား၊ ပုထိုးများ၊ သမိုင်းဝင်သာသနိက အဆောက်အအုံများတွင် လာရောက်လေ့လာသူ၊ ဘုရားဖူးသူများပြားနေကြောင်းနှင့် ပုဂံနေဝင်ချိန် နေဝင်ဆည်းဆာကြည့်ရှုရန် ပြုလုပ်ထားသည့် နေဝင်ဆည်းဆာကြည့် တောင်ကုန်းတုများပေါ်တွင် ပုဂံနေဝင်ဆည်းဆာကြည့်ရှုရန် တောင်ကုန်းများပေါ်သို့လာရောက်သူ များပြားလျက်ရှိကြောင်း ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ တာဝန်ရှိသူများထံမှ သိရသည်။
ပုဂံ-ညောင်ဦး ရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်လည်ပတ်သူများအနေဖြင့် ချမ်းအေးသည့် ဆောင်းရာသီကိုခံစားရင်း စေတီပုထိုးများကြား မြင်းလှည်းငှားစီးသည့် ဘုရားဖူးဧည့်သည်များ၊ မီနီအိုးဝေ၊ အီးဗိုက်တို့ဖြင့် ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်းရှိ စေတီ၊ ပုထိုး၊ သာသနိကအဆောက်အအုံများကို လေ့လာရင်း ပုဂံဒေသ၏ ၂၀၂၅ ခုနှစ် နှစ်ကုန် နေဝင်ဆည်းဆာကြည့်ရှုကြရန် စောင့်ဆိုင်းရင်း ဘုရားဖူးလာရောက်ကြကြောင်း ရန်ကုန်မြို့မှ အဖွဲ့လိုက်ဘုရားဖူးလာရောက်သည့် ဒေါ်မိုးမိုးကပြောကြားသည်။ ယခင်ကဆိုလျှင် ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေသို့ လာရောက်ဘုရားဖူးသူတိုင်း နာမည်ကြီးဘုရားများဖြစ်သည့် ထီးလိုမင်းလိုဘုရား၊ ရွှေစည်းခုံဘုရား၊ ဓမ္မရံကြီးဘုရား၊ စူဠာမဏိ၊ ငှက်ပစ်တောင်၊ ဗူးဘုရား၊ အာနန္ဒာ၊ အလိုတော်ပြည့်၊ လောကနန္ဒာ၊ ပြဿဒ်ကြီး၊ ဓမ္မရာဇက၊ မနုဟာဘုရားများသာ သွားရောက်ဖူးမြော်ကြပြီး ယခုဆိုလျှင် ပုဂံရှေးဟောင်းနယ်မြေရှိ ဘုရား၊ ပုထိုး၊ စေတီ၊ ဂူဘုရားများ၊ သာသနိကအဆောက်အအုံများကို မြန်မာပြည်အရပ်ရပ်မှ ဘုရားဖူးလာရောက်သူများ၊ ပုဂံဒေသရှိဘုရားများကို စိတ်ဝင်စားမှုမြင့်တက်လာနေကာ ရှေးဟောင်းယဉ်ကျေးမှု တန်ဖိုးကြီးမားပုံကို စိတ်ဝင်စားမှုများပြားလာကြောင်း၊ ပုဂံဒေသသည် အပူပိုင်းဇုန် မိုးနည်းရပ်ဝန်းတွင်ပါဝင်သလို ပုဂံဒေသ၌ အများဆုံးပေါက်ရောက်သည့် ထနောင်းပင်၊ တမာပင်၊ ဆီးပင်၊ ရှားပင်၊ ရှားဇောင်းပင်များကိုလည်း စိတ်ဝင်စားမှုများပြားကြောင်း နှစ်သစ်ကူးရုံးပိတ်ရက် ပုဂံဒေသသို့ ဘုရားဖူးလာရောက်သည့် ဒေါ်အေးအေးဝင်းကပြော ကြားသည်။
ပုဂံနေဝင်ဆည်းဆာကြည့်ရှုဖို့ ညအိပ်လာခဲ့ကြောင်း ပုဂံ၊ ညောင်ဦးရှိ ဟိုတယ်၊ မိုတယ်၊ တည်းခိုရိပ်သာများတွင် ပြည်တွင်းဘုရားဖူးများဖြင့် ပြည့်နေပြီဖြစ်ကာ ၂၀၂၅ ခုနှစ်မှ ၂၀၂၆ ခုနှစ် ကူးပြောင်းတော့မည့် ဒီဇင်ဘာ (၃၁)ရက်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေ နေဝင်ဆည်းဆာကြည့်ရှုကြရန် နေဝင်ဆည်းဆာကြည့် တောင်ကုန်းတုများတွင် ခရီးသွားများ များပြားလျက်ရှိကြောင်း၊ ဘုရား၊ ပုထိုး၊ စေတီများကြားမှ နေလုံးကြီးတစ်ဖြည်းဖြည်း ဆင်းလာပြီး တန့်ကြည်းတောင်တန်းပေါ် နေလုံးကြီးရောက်ရှိချိန် အခိုက်အတန့်သည် မည်သည့်အရပ်ဒေသနှင့်မှ နှိုင်းယှဉ်လို့မရအောင် လှပလွန်းပြီး ပန်းချီကားချပ်ကြည့်နေရသည့် ခံစားမှုမျိုးရရှိစေကြောင်း နေဝင်ဆည်းဆာကြည့်ရှုရန် စောင့်ဆိုင်းနေသည့် မန္တလေးမြို့မှ လာရောက်သည့် ဦးမောင်ဝင်းက ပြောပြသည်။ ပုဂံနေဝင်းဆည်းဆာကြည့်ရှုရန် မြေသားကုန်းမြင့်များ ပြုလုပ်ပေးထားပြီး စူဠာမဏိဘုရားအနီးတွင် ညောင်လက်ဖက်ကုန်းမြင့်၊ တောင်ဘက်ရေကန်ထိပ်တွင် ကိုမောက်ကြီးကုန်းမြင့်၊ မင်းနန်းသူကျေးရွာ ရေကန်ထိပ်တွင် နေဝင်ဆည်းဆာကြည့် ကုန်းမြင့်များမှ နေဝင်ဆည်းဆာကြည့်ရှုသူ များပြားလျက်ရှိကာ နေဝင်ဆည်းဆာကြည့်ရှုရန် ဓာတ်ပုံ၊ ဗီဒီယိုရိုက်ကူးကြရန် ညနေ (၃)နာရီခွဲအချိန်က ရောက်ရှိနေကြကာ ညနေ (၆)နာရီခွဲအချိန် နေလုံးကြီးပျောက်ကွယ်သွားသည်အထိ နေဝင်ဆည်းဆာကြည့် တောင်ကုန်းများတွင် ရှိနေကြကြောင်း ပြည်တွင်းဧည့်လမ်းညွှန် ဦးထွန်းကိုက ပြောကြားသည်။
ဒီပါလင်း