တိုက်ကြီး ဇန်နဝါရီ ၁
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ်၌ မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းက ကြီးမှူး၍ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ကလေးပြိုင်ပွဲကို ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ဦးစွာ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာမင်းသိန်းက ကလေးငယ်များအား စနစ်တကျ ပြုစုစောင့်ရှောက်နည်းနှင့် သားဆက်ခြားနည်းလမ်းများကို အသိပညာပေးဟောပြောပြီး ကျန်းမာရေးဆရာမ ဒေါ်နော်ခါရီက ကိုယ်ဝန်ဆောင်မိခင်များ အာဟာရပြည့်ဝစွာ စားသုံးခြင်းဖြင့် အာဟာရပြည့်ဝသည့် ကလေးငယ်များ မွေးဖွားလာမည်ဖြစ်ကြောင်း၊ မိခင်များအနေဖြင့် ကလေးငယ်များအား ကျန်းမာရေးနှင့်ညီညွတ်သည့် စားသောက်နေထိုင်မှုပုံစံကို ငယ်စဉ်ကတည်းက လေ့ကျင့်သင်ကြားပေးသင့်ကြောင်း အသိပညာပေး ပြောကြားခဲ့သည်။
အဆိုပါပြိုင်ပွဲသို့ တိုက်ကြီးမြို့နယ်အတွင်းရှိ မွေးကင်းစမှ ခြောက်လ၊ ခြောက်လမှ တစ်နှစ်၊ တစ်နှစ်မှတစ်နှစ်ခွဲ၊ တစ်နှစ်ခွဲမှ နှစ်နှစ်အထိ ကလေးငယ် စုစုပေါင်း ၃၈ ဦး ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ တာဝန်ရှိသူများက ဆုများ အသီးသီးချီးမြှင့်ခဲ့ကာ ပါဝင်ယှဉ်ပြိုင်ခဲ့သည့် ကလေးငယ်များအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
ဝတ်ရည်(ပြန်/ဆက်)