ပြည်ကြီးတံခွန် ဇန်နဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဇန်နဝါရီ ၅ ရက်နေ့ နံနက် ၁၀ နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်မှ မြို့နယ်အုပ်ချုပ်ရေးမှူး၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များနှင့် လာရောက်တွေ့ဆုံခဲ့ကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲတွင် ပြည်ကြီးတံခွန်မြို့နယ်အတွင်းတွင် ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီ ၁၁ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ကျင်းပပြုလုပ်မည်ဖြစ်ပြီး ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်မှ မဲပေးစက်များ ခင်းကျင်းရမည့် အနေအထားဆိုင်ရာ ကိစ္စရပ်များ၊ ကြိုတင်မဲဆိုင်ရာကိစ္စရပ်များ၊ ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်များနှင့် လိုအပ်သည်များကို မှာကြားပြောကြားခဲ့ရာ တက်ရောက်လာသည့် မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်များ၊ ပြည်ကြီးတံခွန်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်းနှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်ခွဲဝင်များက လိုအပ်သည်များကို တင်ပြဆွေးနွေးခဲ့သည်။
ယင်းတွေ့ဆုံပွဲတွင် မန္တလေးတိုင်းဒေသကြီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်၊ မန္တလေးတိုင်းဒေသကြီး ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်ဥက္ကဋ္ဌ ဦးကျော်သန်းထွန်းနှင့်အဖွဲ့ဝင်များ၊ မန္တလေးခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဝင်များ၊ ပြည်ကြီးတံခွန် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဝင်းမင်းထွန်း၊ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဝင်ဥက္ကဋ္ဌ ဦးဝင်းထွန်းကျော်နှင့် အဖွဲ့ဝင်များ တက်ရောက်ခဲ့သည်။
ယင်းနောက် မန္တလေးတိုင်းဒေသကြီး၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးသန်းအောင်ကျော်က ပြည်ကြီးတံခွန်မြို့နယ် ရပ်ကွက်များအတွင်းရှိ မဲရုံများသို့ သွားရောက်လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ပြန်/ဆက်)