ပြည်ကြီးတံခွန် ဇန်နဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ စက်မှုပန်းခြံလမ်း၊ ၁၂၄ × ၁၂၅ လမ်းကြားရှိ စပါးနှံတာယာနှင့် ကျွတ်စက်ရုံကုမ္ပဏီ၌ ဇန်နဝါရီလ ၅ ရက်နေ့ နံနက် ၉ နာရီက အလုပ်သမားဝန်ကြီးဌာန၊ လူမှုဖူလုံရေးအဖွဲ့မှ ၂၀၁၂ ခုနှစ်၊ လူမှုဖူလုံရေး ဥပဒေနှင့်အညီ အာမခံအလုပ်သမား၏ အကျိုးခံစားခွင့်ငွေများ ထုတ်ပေးခြင်း အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး၊ တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံ အရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းက ၂၀၁၂ ခုနှစ် လူမှုဖူလုံရေးဥပဒေပါ အကျိုးခံစားခွင့်များအကြောင်းကို အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်ပြီး တိုင်းဒေသကြီး လူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီးတာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းက စပါးနှံတာယာနှင့် ကျွတ်စက်ရုံမှ အာမခံအလုပ်သမား ဦးသက်ပိုင်ဝင်းထွန်းအောင်၏ လုပ်ငန်းခွင်ထိခိုက်ဒဏ်ရာရရှိ သေဆုံးခဲ့ခြင်းအတွက် နာရေးစရိတ် အကျိုးခံစားခွင့်နှင့် ကျန်ရစ်သူအကျိုးခံစားခွင့်အတွက် စုစုပေါင်းတန်ဖိုးငွေ (ကျပ်လေးဆယ်သုံးသိန်းနှစ်သောင်းတိတိ)အား ဇနီးဖြစ်သူ ဒေါ်အိရွှေဇင်ဦးအား အကျိုးခံစားခွင့်ငွေ ပေးအပ်ခဲ့ကြောင်း သိရသည်။
ယင်းနောက် စပါးနှံတာယာနှင့် ကျွတ်စက်ရုံကုမ္ပဏီမှ မန်နေဂျာက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ပြီး အခမ်းအနားကို တိုင်းဒေသကြီးလူမှုဖူလုံရေးရုံးမှ တိုင်းဒေသကြီး တာဝန်ခံအရာရှိ ဒုတိယညွှန်ကြားရေးမှူး ဒေါ်ကြည်ကြည်ထွန်းနှင့် အဖွဲ့ဝင်များ၊ ပြည်ကြီးတံခွန်မြို့နယ် လူမှုဖူလုံရေးရုံးမှ ဦးစီးအရာရှိ ဒေါ်အေးအေးမာနှင့် အဖွဲ့ဝင်များ၊ သက်ဆိုင်ရာကုမ္ပဏီမှ အာမခံအလုပ်သမားများနှင့် သက်ဆိုင်ရာဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ဇင်မင်းမောင် (ပြန်/ဆက်)