စဉ့်ကိုင် ဇန်နဝါရီ ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၌ ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁၁ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲ (အပိုင်း-၂)အဖြစ် ကျင်းပပြုလုပ်မည်ဖြစ်ရာ မဲဆန္ဒရှင်ပြည်သူများ အဆင်ပြေစွာ ဆန္ဒမဲပေးနိုင်ရန် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း အသီးသီး၌ မဲရုံများပြင်ဆင်ထားရှိမှုအခြေအနေများကို တာဝန်ရှိသူများက ယနေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ကျောက်ဆည်ခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်ဟိန်းအောင်၊ စဉ့်ကိုင်မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည်ဖြိုးအောင်နှင့် အဖွဲ့ဝင်များက မဲရုံမှူး၊ ဒုမဲရုံမှူး၊ မဲရုံအဖွဲ့ဝင်များ၊ မဲရုံကြီးကြပ်များနှင့်တွေ့ဆုံကာ မဲရုံများတွင်လွှတ်တော်အလိုက် MEVM စက်ဖြင့် ဆန္ဒမဲပေးမည့်နေရာများ ပြင်ဆင်ထားရှိမှုအခြေအနေများ၊ ဆန္ဒပြုခန်းများ ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှုအခြေအနေများ၊ လျှပ်စစ်မီးရရှိမှုများ၊ မီဘေးလုံခြုံရေးအတွက် မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေပုံးများ ကြိုတင်ပြင်ဆင် ထားရှိမှုအခြေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်သည်များ လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။
စဉ့်ကိုင်မြို့နယ်အနေဖြင့် စဉ့်ကိုင်မြို့နယ်အတွင်း၌ ရပ်ကွက်/ကျေးရွာ ၅၃ အုပ်စုတွင် လျာထားမဲရုံ ၁၁၉ ရုံတို့တွင် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအပိုင်း-၂ အား အောင်မြင်စွာ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)