ညောင်ဦးမြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အခြေခံပညာအထက်တန်းကျောင်း(မြို့မ)၌ ပညာရေး စုံညီပွဲတော်ကျင်းပ

ညောင်ဦး ဇန်နဝါရီ ၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်နှင့်ဘက်စုံပညာ ထူးချွန်ဆုပေးပွဲအခမ်းအနားကို အ-ထ-က(မြို့မ)ကျောင်း ရှေ့ကွင်းပြင် ယာယီမင်္ဂလာခန်းမ၌ ဇန်နဝါရီ ၆ ရက် နံနက် ၉ နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း(မြို့မ) ကျောင်းသား၊ ကျောင်းသူလေးများက “ကြိုဆိုပါသည်စုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကို စတင်ဖွင့်လှစ်ကာ ညောင်ဦးခရိုင် ပညာရေးမှူး ဦးကျော်ဝင်းကအဖွင့်အမှာစကားပြောကြားပြီး ၂၀၂၄-၂၀၂၅ ပညာသင်နှစ်ဆုရရှိသူများနှင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်ကျောင်းတွင်း ဘက်စုံလှုပ်ရှား ထူးချွန်ဆုများကို ကျောင်းသား၊ ကျောင်းသူများအားဆုများပေးအပ်ချီးမြှင့်သည်။ ဆက်လက်၍ ပညာရေးစုံညီပွဲတော်အတွက် ကူညီပံ့ပိုးပေးကြသော အလှူရှင်များကို ဂုဏ်ပြုလက်မှတ်များပေးအပ်သည်။

ထို့နောက် အခြေခံပညာအထက်တန်းကျောင်း(မြို့မ)ကျောင်းသား၊ ကျောင်းသူလေးများမှ တန်းစဉ်အလိုက်၊ အဖွဲ့အလိုက် ပညာရေးစုံညီပွဲတော်အား သီဆိုဖျော်ဖြေကြကာ ဘက်စုံပညာတို့လှမ်းချီ သီချင်းဖျော်ဖြေ၍ ပညာရေးစုံညီပွဲတော် အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။

ဒီပါလင်း