ကျောက်ဆည်မြို့နယ်၌ ကွမ်းရွက်စိုက်ပျိုးသူများ အဆင်ပြေ

ကျောက်ဆည် ဒီဇင်ဘာ ၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်မြို့နယ်၌ ကွမ်းခြံများအောင်မြင်ဖြစ်ထွန်းပြီး အထွက်နှုန်းကောင်းသဖြင့် ကွမ်းရွက်စိုက်ပျိုးရောင်းချသူများ အဆင်ပြေလျက်ရှိကြောင်း ကွမ်းရွက်စိုက် တောင်သူများထံမှ သိရသည်။

ကွမ်းရွက်ပင်စိုက်ပျိုးမည်ဆိုပါက ကုန်ကျစရိတ်များသော်လည်း ကာလရှည်ခူးဆွတ်ရောင်းချရသည့် နှစ်ရှည်သီးနှံဖြစ်သောကြောင့် အောင်မြင်ဖြစ်ထွန်းပါက အကျိုးအမြတ်များကြောင်း၊ ကွမ်းရွက်စိုက်ပျိုးသူများအနေဖြင့် တပေါင်းလ၊ တန်ခူးလများ၌ မြေပြင်၍ ကွမ်းခြံများပြုလုပ်၍ မျိုးဖြတ်ထားသော ကွမ်းရွက်အညွှန့်များကို မြေဘောင်များတွင် စတင်စိုက်ပျိုးကြကြောင်း၊ စိုက်ပျိုးပြီးသည်နှင့် တစ်ပြိုင်နက်တည်း ကွမ်းခြံအားနေ့စဉ်ဂရုပြု စောင့်ကြည့်ရပြီး ကွမ်းညွှန်ချည်ခြင်း၊ ရေသွင်းခြင်း၊ မြေဘောင်များပေါ်၌ မြေအသစ်တင်ခြင်း၊ ပိုးမွှားကျရောက်မှုမရှိစေရေး ဆောင်ရွက်ရပြီး ပိုးကျရောက်သည်ကို အလေးမထားပါက ကွမ်းခြံပျက်စီးသည်အထိ ဆုံးရှုံးမှုများရှိကြောင်း ကျားကာကျေးရွာမှ ကွမ်းစိုက်တောင်သူ ဦးသင်းကိုကပြောပြ၍ သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ကွမ်းရွက်ခြံများကို သံရွာ၊ ညွှန့်ပင်၊ အေးရွာ၊ အရှေ့သပြေသာ၊ မှိုင်းပန်၊ ကုလရွာ၊ ကျားကာ၊ ဈေးရွာ၊ ရဲကြီး၊ ကိုးပင်၊ ဖျောက်ဆိပ်ပင်၊ သရက်ပင်၊ မြောင်းဦး၊ ပွတ္တိုင်၊ ငါးလုံကုန်း၊ ပုထိုးတိုင်၊ အနောက်ငယ်တိုး၊ ကွမ်းခြေ၊ မုံပေါင်းကျေးရွာများတွင် အများဆုံး စိုက်ပျိုးကြကြောင်း သိရသည်။

သက်မောင်(ကျောက်ဆည်)