“လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ခုနှစ်” အခမ်းအနားသို့ တက်ရောက်မည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုလူငယ်များက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူပွဲအခမ်းအနားကျင်းပ

ရန်ကုန် ဇန်နဝါရီ ၁၀

၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ (၁၃) ရက်နေ့မှ ဇန်နဝါရီလ (၁၅) ရက်နေ့အထိ နေပြည်တော်မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန (၁) တွင် ကျင်းပပြုလုပ်မည့် “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ခုနှစ်” အခမ်းအနားသို့ တက်ရောက်မည့် ရန်ကုန်တိုင်းဒေသကြီး ကိုယ်စားပြုလူငယ်များက ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံမှ ဩဝါဒခံယူပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၊ ခန်းမ (၃) တွင် ကျင်းပသည်။

ဦးစွာ “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ခုနှစ်” အခမ်းအနားသို့ တက်ရောက်မည့် ရန်ကုန်တိုင်းဒေသကြီး လူငယ်ကိုယ်စားလှယ်အဖွဲ့များက ဂါရဝပြုမိတ်ဆက်ခဲ့ကြသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဩဝါဒစကားပြောကြားရာတွင် မိမိတို့၏ လက်တွေ့မြေပြင်အခြေအနေများ၊ စိန်ခေါ်မှုများကို အဖြေရှာနိုင်မည့်နည်းလမ်းများ၊ အကြံဉာဏ်သစ်များ၊ ဆန်းသစ်တီထွင်စဉ်းစားရမည့် အချက်အလက်များကို ရှာဖွေစုဆောင်းသွားကြရန်၊ ကုန်ခရီးစဉ်အစမှ အဆုံးတိုင်တိုင်းဒေသကြီး ကိုယ်စားပြုအနေဖြင့် စည်းကမ်းတကျသွားလာနေထိုင်ကြရန်၊ ဖိုရမ်အတွင်း အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ လူငယ်များနှင့်အတူ တက်တက်ကြွကြွပါဝင်ဆွေးနွေးကြနှင့် အများနှင့် ပူးပေါင်းဆောင်ရွက်ရမည့် အခန်းကဏ္ဍများတွင် တိုင်းဒေသကြီး၏ ဂုဏ်ကိုဖော်ဆောင်နိုင်အောင် ကြိုးစားပေးကြရန် စသည်တို့ကို ပြောကြားသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဒုတိယဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဌေးအောင်က နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် “လူငယ်ငြိမ်းချမ်းရေးဖိုရမ် ၂၀၂၆ ခုနှစ်” ဖွင့်ပွဲအခမ်းအနားသို့ သွားရောက်မည့် ခရီးစဉ်အား ရှင်းလင်းတင်ပြသည်။

ဆက်လက်၍ လူငယ်ကိုယ်စားလှယ်အုပ်ချုပ်သူ ဦးဌေးလင်းက ဖိုရမ်နှင့် ပတ်သက်သည့် ဆောင်ရွက်ထားရှိမှုအခြေအနေများအား Power Point ဖြင့် ရှင်းလင်းတင်ပြသည်။

၎င်းနောက် ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်ရာ လူငယ်ကိုယ်စားလှယ်အုပ်ချုပ်သူ ဦးဌေးလင်းနှင့် အဖွဲ့က လက်ခံရယူသည်။

ထို့နောက် တက်ရောက်လာကြသူများက လုပ်ငန်းများအား ဆွေးနွေးခဲ့ကြပြီး ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)