ရွှေပြည်သာ ဇန်နဝါရီ ၁၀
၂၀၂၆ ခုနှစ်၊ ဇန်နဝါလ (၁၁) ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၂) တွင် ပြည်သူများ ပိုမိုပါ၀င်ဆန္ဒမဲပေးနိုင်ရေး နိုင်ငံသားတိုင်းအခွင့်အရေးပြည့်ဝစွာ ရရှိစေရေး၊ မဲပေးခြင်းသည် နိုင်ငံသားများမှ အမျိုးသားရေးတာဝန်ထမ်းဆောင်ခြင်းဖြစ်သည့်အတွက် ရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်ရေးလက်ကမ်းစာစောင်များကို ရွှေပြည်သာမြို့နယ်ရှိ လူစည်ကားရာနေရာများ၌ ဖြန့်ဝေပေးလျက်ရာ အဆိုပါ “ဒို့အတူတူမဲပေးကြမယ်” လက်ကမ်းစာစောင်များကို ယမန်နေ့ နံနက်ပိုင်းတွင် ဇီးကုန်းဈေး၊ အမှတ် (၂၄) ရပ်ကွက်ရှိ ရပ်ကွက်နေပြည်သူများ၊ YBS ကား ပေါ်မှ ပြည်သူများအား ဖြန့်ဝေပေးခဲ့သည်။
လက်ကမ်းစောင်များ ဖြန့်ဝေရာတွင် ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပူးပေါင်းပါ၀င်ဆောင်ရွက်ခဲ့ပြီး အဆိုပါ “ဒို့အတူတူမဲပေးကြမယ်” ရွေးကောက်ပွဲလှုံ့ဆော်ရေးလက်ကမ်းစာစောင်တွင် "ရွေးကောက်ပွဲမှသည် ပိုမိုကောင်းမွန်သော အနာဂတ်ဆီသို့၊ ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ဖို့အတွက် ရွေးကောက်ပွဲမှလွဲ၍ အခြားနည်မရှိပါ၊ ပြည်သူများ လိုလားသည့် ဒီမိုကရေစီနိုင်ငံတော်ကို ရွေးကောက်ပွဲဖြင့်သာ ဖော်ဆောင်နိုင်ပါသည်” စသည့် အကြောင်းအရာများ ပါဝင်သည်။
ရွေးကောက်ပွဲဆိုင်ရာ လှုံ့ဆော်ရေးလက်ကမ်းစာစောင်များကို ရွှေပြည်သာမြို့နယ်အတွင်းရှိ လူစည်ကားရာနေရာများတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သက်ဆိုင်ရာတာ၀န်ရှိသူများနှင့် ပူးပေါင်း၍ ဆက်လက်ဖြန့်ဝေပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
နေမျိုးထွန်း (ပြန်/ဆက်)