တိုက်ကြီး ဇန်နဝါရီ ၁၀
ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးခရိုင်၊ တိုက်ကြီးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ သွားလာမှုအဆင်ပြေချောမွေ့စေရန် ရည်ရွယ်၍ ဓမ္မိတ်ခေတ်မီစံပြကျေးရွာ (Smart Village) ၌ စီမံကိန်းခွင့်ပြုရန်ပုံငွေဖြင့် ကျေးရွာတွင်းလမ်းအား ဂဝံလမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းက ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးလှမျိုးအောင်၊ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့် တာဝန်ခံ အင်ဂျင်နီယာတို့က ကွင်းဆင်းစစ်ဆေးသည်။
ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် ဓမ္မိတ်ခေတ်မီစံပြကျေးရွာ (Smart Village) တွင် စီမံကိန်းခွင့်ပြုရန်ပုံငွေကျပ် ၃၆၁ သိန်းဖြင့် ကျေးရွာတွင်း၌ အရှည် ပေ ၁၀၀၀၊ အကျယ် ၁၂ ပေ၊ ထု ၉ လက်မ ဂဝံလမ်းခင်းခြင်းလုပ်ငန်းနှင့် ယင်းလမ်းပေါ်တွင် အလျား ၆ ပေ၊ အနံပေ ၂၀၊ အမြင့် ၆ ပေရှိသည့် Box Culvert တစ်စင်း တည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်မှု အခြေအနေအား ခရိုင်ဦးစီးမှူးနှင့် အဖွဲ့က ကြည့်ရှုစစ်ဆေးခဲ့ရာ လုပ်ငန်းများ ၇၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး အဆိုပါဂဝံလမ်းပြီးစီးပါက ကျေးရွာတွင်းရှိပြည်သူများ ရာသီမရွေးသွားလာမှု လွယ်ကူစေမည်ဖြစ်ကြောင်း သိရသည်။
ဝတ်ရည် (ပြန်/ဆက်)